The Nation
ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် စင်ကာပူမှ ထွက်ခွာလာသော T7GTS ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် တနင်္လာနေ့ (စက်တင်ဘာ ၈ ရက်) တွင် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး နေ့လယ် ၂ နာရီခွဲခန့်တွင် ဒွန်မောင်းလေဆိပ်ရှိ MJets ကိုယ်ပိုင်ဂိတ်သို့ ဆင်းသက်ခဲ့သည်။
သက်ဆင်၏ မော်တော်ယာဉ် (၃) စီးပါ ယာဉ်တန်းသည် လေဆိပ်မှ နေ့လယ် ၃ နာရီတွင် ထွက်ခွာသွားခဲ့သော်လည်း သက်ဆင်မည်သည့်ကားဖြင့် ခရီးဆက်သည်ကို ရှင်းရှင်းလင်းလင်းမသိရပေ။
သက်ဆင်သည် ယခင်က စက်တင်ဘာ ၄ ရက် ညနေပိုင်းတွင် Bombardier Global 7500 ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ထိုင်းနိုင်ငံမှ ထွက်ခွာသွားခဲ့ပြီး စင်ကာပူသို့ ဦးတည်ခဲ့သော်လည်း နောက်ပိုင်းတွင် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံ၊ ဒူဘိုင်းမြို့သို့ လမ်းကြောင်းပြောင်းခဲ့သည်။
သက်ဆင်နှင့်ပတ်သက်သည့် ဥပဒေရေးရာကိစ္စများ၊ အထူးသဖြင့် ပုဒ်မ ၁၁၂ စွဲချက်များရှိခဲ့ဖူးသည့်အတွက် ၎င်းမထွက်ခွာမီ လူဝင်မှုကြီးကြပ်ရေးနှင့် လေဆိပ်အရာရှိများက ခရီးသွားလာခွင့်ဆိုင်ရာ စာရွက်စာတမ်းများကို တင်းတင်းကျပ်ကျပ် စစ်ဆေးခဲ့ခြင်းကြောင့် ခရီးနှောင့်နှေးခဲ့သော်လည်း ခရီးသွားခွင့် ပြုခဲ့သည်။
သို့သော် ဆိုင်းငံ့ထားသည့် “၁၄ လွှာအမှု” ကို တရားစီရင်ရေးအရ ပြန်လည်သုံးသပ်ဆဲဖြစ်သည်။
စက်တင်ဘာ ၅ ရက် ဒေသစံတော်ချိန် နံနက် ၂ နာရီ ၄၀ မိနစ်က သက်ဆင်သည် ၎င်း၏ကိုယ်ပိုင် X အကောင့်တွင် ယခင်က ၎င်းအား ပြုစုစောင့်ရှောက်ပေးခဲ့သည့် ဆရာဝန်များနှင့်အတူ ဆေးကုသမှုခံယူရန် နိုင်ငံခြားသို့ ခရီးသွားနေကြောင်း ရေးသားခဲ့သည်။
၎င်းသည် စက်တင်ဘာ ၉ ရက်တွင် ၁၄ လွှာအမှု ရုံးချိန်းသို့ တက်ရောက်ရန်အတွက် စက်တင်ဘာ ၈ ရက်တွင် ထိုင်းနိုင်ငံသို့ ပြန်လာရန် ရည်ရွယ်ထားကြောင်းလည်း အတည်ပြုခဲ့သည်။
စက်တင်ဘာ ၇ ရက်တွင် ဒူဘိုင်းမှ စင်ကာပူသို့ ပြန်လည်ပျံသန်းခဲ့ပြီး ဘန်ကောက်သို့ ခရီးဆက်ခဲ့သည်။ ၎င်း၏ညီမဖြစ်သူ ယောင်ဝါဖာဝေါင်းဆာဝပ်နှင့် ညီမ၏ခင်ပွန်းဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ဆွမ်ချိုင်း ဝေါင်းဆာဝပ်တို့က MJets ဧည့်သည်နားနေဆောင်တွင် ၎င်းကို စောင့်ဆိုင်းနေကြကြောင်း သတင်းများက ဆိုသည်။
