စစ်ကော်မရှင်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် နမ့်စံခမ်းရှိ ဒေသခံများ တိမ်းရှောင်နေရ

ဓာတ်ပုံ- MPA

စစ်ကော်မရှင်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် နန်းမယ်ခုံမြို့နယ်၊ နမ့်စံခမ်းအထက် ရှမ်းရွာရှိ ဒေသခံများ တိမ်းရှောင်နေရကြောင်း သိရသည်။

အဆိုပါ ဒေသခံများသည် စစ်တပ် စစ်ကြောင်းထိုးမှုကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးကာ တိမ်းရှောင်နေရသူများဖြစ်ပြီး နေရပ်ပြန် သီးနှံစိုက်ပျိုးနေချိန် စစ်တပ်က လက်နက်ကြီးဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း နမ့်စံခမ်းအထက်ဒေသနေ ပြည်သူတစ်ဦးက ပြောသည်။

“ဒီမှာက နေ့လယ်ဆိုရင် ဒေသခံတွေက သူတို့စိုက်ခင်းတွေကို လာစိုက်ကြတယ်။ နေ့တိုင်း လက်နက်ကြီး မကျပေမယ့် မကြာမကြာ ကျတော့ ကြောက်တာပေါ့၊ သေမှာစိုးလို့ အခြားနေရာမှာ သွားအိပ်ရတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ နန်းမယ်ခုံမြို့မှ စျေးမှ မိုးဗြဲမြို့ သွားရာ လမ်းတစ်လျှောက်ရှိ ဒေသခံအများစုသည် စစ်ရှောင်နေကြပြီး အနည်းငယ်ခံသာ မူလနေရပ်၌ နေထိုင်ကြောင်း မိုးဗြဲမြို့မှ စစ်ရှောင်လာသူတစ်ဦးက ပြောသည်။

“ပြီးခဲ့တဲ့လက ဒေသခံတွေအကုန်ပြေးတော့ စစ်ရှောင်တွေပဲကျန်ခဲ့တာပေါ့။ ကြောက်ပေမယ့်လဲ ပြေးစရာနေရာမရှိတော့ လွတ်တဲ့နေရာလေးမှာပဲပုန်းနေရတာပေါ့လက်နက်ကြီးကတော့ အရှေ့၊အနောက်၊တောင်၊မြောက် အကုန်ကျပြီးသွားပြီ”ဟု ၎င်းက ပြောသည်။

နမ့်စံခမ်းအထက်ရှိ ဒေသခံအချို့မှာမူ ဝမ်းရေးအတွက် ကုန်စိမ်းရောင်းချခြင်းနှင့် စိုက်ပျိုးခြင်းများကို နေ့လယ်ဘက်တွင် လုပ်ကိုင်ကာ ညအချိန်တွင် မြောင်းများအတွင်း အိပ်စက်နေရကြောင်း အသက်၆၂နှစ်အရွယ်ရှိ ဒေသခံအမျိုးသမီးကြီး တစ်ဦးက ပြောသည်။

“အဒေါ့်အနားကိုလဲ လက်နက်ကြီးကျပြီးပြီ။ ကံကောင်းတော့ ဘုန်းကြီးကျောင်းအုတ်တံတိုင်းထိပြီးလွတ်သွားတာ၊ အဒေါ့်အရှေ့က စိုက်ခင်းဆိုလဲ လက်နက်ကြီး၄လုံးကျထားတာမကြာသေးဘူး။ စစ်ရှောင်စခန်းမှာသွားနေတော့လဲ အရမ်းလဲအေးတယ်၊ ဘာမှလဲ လုပ်မရတော့ ညဘက်လောက်ဆို မြောင်းအောက်က သမံတလင်းအပိတ်ရှိတဲ့အောက်မှာဘဲ အိပ်တာပေါ့။ မနေ့ကတောင် လေယာဉ်လာဝဲလို့ ကြောက်ရသေးတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၅ခုနှစ်အတွင်း စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းဗုံးကြဲမှုကြောင့် နန်းမယ်ခုံမြို့နယ်တွင် နေထိုင်သည့် နှလုံးရောဂါအခံရှိသည့် အမျိုးသမီးကြီး နှစ်ဦး အသံကျယ်လောင်မှုများကြောင့် နှလုံးရပ် သေဆုံးခဲ့ရသေးသည်။