မကွေးတိုင်းအတွင်းရှိ ကပစစက်ရုံများသို့ သွယ်တန်းထားသည့် မီးတိုင် ၁၀၀ကျော် ဖျက်ဆီးခံ ရပြီးနောက် စစ်လက်နက်ထုတ်လုပ်ရေးလုပ်ငန်းအချို့ ရပ်တန့်နေကြောင်းသိရသည်။
ဒီဇင်ဘာလအတွင်း မကွေးတိုင်း၊ ပေါက်မြို့နယ် ကပစ ၂၄၊ ဆိပ်ဖြူမြို့နယ် ကပစ ၂၁နှင့် ၂၂တို့သို့ သွယ်တန်းထားသည့် လျှပ်စစ်မီးတိုင် ၁၀၀ကျော်ကို မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
” သူတို့လျှပ်စစ်မီးရတဲ့ အခြေအနေတော့ မရှိသေးဘူးခင်ဗျ။ ဆိပ်ဖြူဘက်ကလည်း ဖြတ်တောက် ထားတာဆိုတော့ ထုတ်လုပ်နိုင်တာတော့ မရှိသေးပါဘူး။ ၂၂နဲ့ ၂၃ကတော့ လည်ပတ်မှုအားနည်း သွားမှာပေါ့။ ၂၄ကတော့ ရပ်တန့်နေတယ်လို့တော့ သိရတယ်ဗျ။ ၂၂နဲ့ ၂၃ကလည်း ဥပမာပေါ့။ ၁၀၀ရာခိုင်နှုန်း အရင်ကလည်ပတ်နေတယ်ဆိုရင် ၂၅ရာခိုင်နှုန်းလောက်တော့ ကုန်ကြမ်းဘာညာ ထုတ်တာတော့ ရှိနိုင်တာပေါ့။ ၂၁ကတော့ လုပ်ငန်းရပ်တာဝောာ့ပါတယ်။ ၂၃ကလည်း မိုင်းခွဲဖျက် ဆီးတာပါပါတယ်။ ပါတယ်ဆိုတာ သူတို့(MOD)ဆီကို video file တို့ဘာတို့ မရောက်တာတွေ ရှိနိုင်မှာပေါ့။” ဟု မြိုင်ပကဖ၊ သတင်းတာဝန်ခံက MPA သို့ပြောသည်။
ပျက်စီးသွားသည့် မီးတိုင်များကို စစ်တပ်ဘက်က လာရောက်ပြုပြင်ခြင်းမရှိသေးကြောင်းသိရသည်။
” အင်နဲ့အားနဲ့ဆိုရင်တော့ လာပြင်ချင်ပြင်မှာ။ ခုလောလောဆယ်တော့ ပြန် ပြင်တာဆင်တာ မရှိသေး ဘူးဗျ” ဟု ၎င်းကပြောသည်။
ပေါက်ကပစ ၂၄သည် လက်နက်ကြီးကျည်ဆန်များထုတ်လုပ်ပြီး ဆိပ်ဖြူကပစ ၂၁နှင့် ၂၂သည် လေယာဉ်ဗုံးများထုတ်လုပ်သည့် စက်ရုံများဖြစ်ကြောင်းသိရသည်။
