အတုအယောင်ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပရန် စီစဉ်နေသည့် ဘီးလင်းတွင် တိုက်ပွဲပြင်းထန်နေ၊ အရပ်သားသေဆုံးမှုများရှိ

ဓာတ်ပုံ - KNU ၊ လူမှုကွန်ရက် ၊ သထုံခရိုင် PDF
ပုံစာ - ကရင်ပူးပေါင်းတပ်များ၊ စစ်ဘေးရှောင်ပြည်သူများ

အတုအယောင်ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပမည့် မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို စစ်တပ်က အင်အားအများအပြားနှင့် စစ်ကြောင်းထိုးနေသည့်အတွက် တော်လှန်ရေးပူးပေါင်းတပ်များနှင့် တိုက်ပွဲပြင်းထန်နေကြောင်း အထူးတိုင်း စစ်ဌာနမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းကတည်းက အင်အား ၅၀၀ နီးပါးရှိသည့် စစ်ကော်မရှင်တပ်က စစ်ကြောင်း (၃) ကြောင်းခွဲပြီး ဘီးလင်းမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။

စစ်ကော်မရှင်စစ်ကြောင်းသည် အလူးလေး၊ အလူးကြီးကျေးရွာဘက်သို့ စစ်ကြောင်း တစ်ကြောင်း၊ ဖိုးဝါးသိမ်းကျေးရွာ ဘက်သို့ စစ်ကြောင်းတစ်ကြောင်း၊ သပြေနီကျေးရွာဘက်တို့တွင် စစ်ကြောင်းထိုးနေသည့်အတွက် တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်ကြောင်း အထူးတိုင်းစစ်ဌာန ဒုတိယကွပ်ကဲရေးမှူး တပ်မဟာ(၁) PDF တာဝန်ခံ ကိုအေးမင်းထွန်းက MPAသို့ ပြောသည်။

“ကားလမ်းမနဲ့ နီးတဲ့ရွာတွေပေါ့နော်၊ ဝင်းပြန်ရွာတို့ အလူးလေး၊ သပြေနီရွာဘက်ကို အဓိက ထိုးနေတယ်၊ အဲဒီဘက်ကို တော်လှန်ရေးတပ်တွေ မဝင်နိုင်အောင် ဟန့်တားတဲ့သဘော၊ သူတို့က တစ်နေရာတည်းကို တပ်စွဲထားတာထက် နေရာအများကြီးကို ထိုးလိုက်၊ ဆုတ်လိုက်၊ ကင်းပုန်းချထားလိုက် အဲဒီလိုမျိုး လုပ်နေတာ၊ အခုထိလည်း ဖြစ်နေတုန်းပဲ” ဟု ၎င်းက ပြောသည်။

ဘီးလင်းမြို့နယ်သည် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း(၂)တွင် ပါဝင်ပြီး အဆိုပါ ရွေးကောက်ပွဲအတွက် နယ်မြေလုံခြုံရေးအကာအကွယ်ပေးနေခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်တွင် တော်လှန်ရေးတပ်လှုပ်ရှားနယ်မြေများနှင့် KNU တပ်မဟာ(၁)ထိန်းချုပ် ကျေးရွာများဘက်ကို နယ်မြေခံအခြေစိုက်တပ်ရင်းမှ နေ့စဉ်ဆိုသလို လက်နက်ကြီးပစ်ကူများ ပေးနေကြောင်း ဒေသခံအချို့က ပြောသည်။

စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် ငါးရက်အတွင်း ဘီးလင်းမြို့နယ်တွင် အရပ်သား ၅ ဦးသေဆုံးကာ ၇ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“သူတို့(စစ်သား) ရွာထဲတော့ မရောက်လာသေးဘူး၊ လက်နက်ကြီးပဲ အရင်ပစ်တယ်၊ သူတို့ပစ်ထည့်တာက ရွာထဲက လူနေအိမ်ထဲပဲ ကျတယ်၊ ရမ်းပစ်တာလား ဘယ်လိုတော့ မသိဘူးပေါ့၊ ထိလိုက်ရင် လူနေတဲ့ အိမ်ယာ အပေါ်ပဲ ကွဲတယ်၊ ရွာသားတွေတော့ အခု အများကြီး ပြေးနေရတယ်၊ ရွာပြင်ဘက်တော့ ပစ်ခတ်သံတော့ နေ့တိုင်းကြားရတယ်” ဟု ဘီးလင်းမြို့နယ် အလူးကြီးကျေးရွာနေ ပြည်သူတစ်ဦးက ပြောသည်။

ယခုကဲ့သို့ နှစ်ဖက်တိုက်ပွဲကြောင့် ဘီးလင်းမြို့နယ်ရှိ အလူးလေး၊ အလူးကြီး၊ သပြေနီ၊ ဝင်းပြန်၊ ဖိုးဝါးသိမ်း အစရှိသည့် ကျေးရွာဆယ်ရွာနီးပါး ဒေသခံပြည်သူ ၄၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ရှောင် ကူညီသူအချို့က ပြောသည်။

စစ်တပ်အာဏာသိမ်းအစောပိုင်းကတည်းက တော်လှန်ရေးတပ်အားကောင်းသည့် ဘီးလင်းမြို့နယ်၏ မြို့ပေါ် နေရာအချို့ကို စစ်တပ်ကထိန်းချုပ်ထားပြီး နယ်ဘက်ကျေးရွာအများစုကို တော်လှန်ရေးပူးပေါင်းတပ်က နယ်မြေ စိုးမိုးမှု ရယူကာ ထိန်းချုပ်ထားသည်။

“မြို့ပေါ်မှာ စစ်တပ်က လှည့်တာမျိုးရှိတယ်၊ နေ့တိုင်းမဟုတ်ဘူး၊ လုံခြုံရေးကတော့ ပိုများလာတာတွေ့ရတယ်၊ ပြီးတော့ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးတစ်လျှောက်ဆို စစ်တပ်ပဲ အထိုင်ချထားတာ များတယ်။ လူမြင်ကွင်း မှာ ချထားတာ ရှိသလို ကင်းပုန်းချထားတာ ရှိတယ်၊ စစ်ဆေးရေးက တော်တော်များတယ်” ဟု ဘီးလင်းမြို့ပေါ် နေထိုင်သည့် အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ ရွေးကောက်ပွဲနေ့အတွက် ဌာနဆိုင်ရာရုံးအချို့နှင့် မဲရုံးထားရှိမည့်နေရာအနီးတဝိုက်ကို ဖြတ်သန်းသွား လာသူများကို စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်နေသည့်အပြင် ဖမ်းဆီးခံရသူများ ရှိနေကြောင်း သတင်းထွက်ပေါ်နေသည်။

“သူတို့လုပ်ရတာ ကျတော်တို့ လက်လှမ်းမမီတဲ့ မြို့ပေါ်လောက်ပါပဲ၊ ကျန်တဲ့နေရာက မလွယ်ကူဘူးပေါ့၊ ကျတော်တို့လည်း ခွင့်ပြုမှာ မဟုတ်ဘူး၊ တားဆီးမှာဘဲ၊ ဝင်ပြိုင်တဲ့သူတွေကလည်း စစ်ကော်မရှင်လို့ပဲ သတ်မှတ် မှာဘဲ” ဟု ရွေးကောက်ပွဲကျင်းပမည့်အပေါ် အထူးတိုင်းစစ်ဌာန ဒုတိယကွပ်ကဲရေးမှူး ကိုအေးမင်းထွန်းက ပြောသည်။

မွန်တွင် ရွေးကောက်ပွဲအပိုင်း(၂)ကို ဘီးလင်း၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးနှင့် ပေါင်မြို့နယ်တွင် ကျင်းပမည်ဖြစ်ပြီး လက်ရှိ ဘီးလင်း၊ ရေးမြို့နယ်တို့တွင် စစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေသည်။

နိုင်ငံတဝှမ်း ရွေးကောက်ပွဲအပိုင်း(၂)ကို မြို့နယ် ၁၀၀ မြို့နယ်၌ ကျင်းပမည်ဟု ပြောဆိုထားသော်လည်း ယင်းထဲက ရပ်ကွက်ပေါင်း ၂၈ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၄၆၄ အုပ်စုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း စစ်တပ်က ဝန်ခံထားသည်။

ယင်းထဲတွင် ကျေးရွာအုပ်စုပေါင်း ၅၀ ကျော်ရှိတဲ့ ဘီးလင်းမြို့နယ်အတွင်း ကျေးရွာအုပ်စု ၂၈ အုပ်စုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည်မဟုတ်ကြောင်း ပြောဆိုထားသည်။