ပျောက်ဆုံးနေသည့် တရုတ်အွန်လိုင်း နာမည်ကျော် မိန်းကလေးအား ကမ္ဘောဒီးယားတွင် ဒဏ်ရာများဖြင့် တောင်းရမ်းစားသောက်နေသည်ကို ပြန်လည်တွေ့ရှိ

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ကတည်းက မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်သွားသည့် တရုတ်အွန်လိုင်း နာမည်ကျော် မိန်းကလေးအား ဒဏ်ရာများဖြင့် ကမ္ဘောဒီးယားနိုင်ငံတွင် တောင်းရမ်းစားသောက်နေသည်ကို ပြန်လည်တွေ့ရှိခဲ့သည်။

X-ray ဓာတ်မှန်ဖလင်ပြားကို ကိုင်ဆောင်ထားသည့် တရုတ်မိန်းကလေး၏ ဓာတ်ပုံများသည် ကမ္ဘောဒီးယားနှင့် ထိုင်းလူမှုကွန်ရက်စာမျက်နှာများပေါ်တွင် မကြာသေးမီက ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့သည်။

အဆိုပါမိန်းကလေးသည် ဝတ်စုံတိုတစ်ထည်ကို အပေါ်ထပ်အင်္ကျီနှင့် တွဲဖက်ဝတ်ဆင်ထားပြီး မျက်မှန်နှင့် ဦးခေါင်းစည်းတို့ကိုလည်း ဝတ်ဆင်ထားသည်ကို တွေ့ရသည်။

အဆိုပါမိန်းကလေးသည် ဆေးကုသစရိတ်ပေးဆောင်ရန် ငွေလိုအပ်သည်ဟုဆိုကာ လမ်းသွားလမ်းလာများထံမှ ငွေတောင်းခံနေခြင်းဖြစ်ကြောင်း သိရသည်။
သူမကိုင်ဆောင်ထားသော X-ray ဓာတ်မှန်ဖလင်ပြားအရ ဒူးခေါင်းများတွင် ဒဏ်ရာရရှိထားသည်ကို တွေ့ရသည်။

အဆိုပါ မိန်းကလေးသည် အလွန်ပင်ပန်းနွမ်းနယ်ပြီး ပိန်ချုံးနေကာ အဝတ်အစားနှင့် ဆံပင်များမှာလည်း ဖရိုဖရဲဖြစ်နေသည်။

လူမှုကွန်ရက်အသုံးပြုသူအချို့က သူမသည် စိတ်ကျန်းမာရေးပြဿနာ တစ်စုံတစ်ရာ ခံစားနေရနိုင်သည်ဟု ယူဆနေကြသော်လည်း ယင်းအချက်ကို တရားဝင်အတည်ပြုနိုင်ခြင်း မရှိသေးပေ။

နောက်ပိုင်းတွင် အဆိုပါ မိန်းကလေးသည် Followers ၂၄,၀၀၀ ကျော်ရှိသည့် ဝူမိုကျန်း အမည်ရှိ တရုတ်အွန်လိုင်း Influencer တစ်ဦးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

ဝူသည် ဒီဇင်ဘာ ၂၆ ရက်နေ့တွင် မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်ခဲ့ခြင်းဖြစ်ပြီး သူမ ပျောက်ဆုံးသွားခြင်းမရှိမီ နောက်ဆုံးတင်ခဲ့သည့် ဗီဒီယိုအရ သူမသည် ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိနေကြောင်း သိရသည်။

ဝူ၏ဖခင်က သူမသည် ဖူကျန့်ပြည်နယ်တွင် မွေးဖွားခဲ့သူဖြစ်ပြီး ကျောင်းထွက်ပြီးနောက် အလုပ်လုပ်ရန် ကျဲ့ကျန်းပြည်နယ်သို့ ပြောင်းရွှေ့ခဲ့ကြောင်း မီဒီယာများကို ပြောကြားခဲ့သည်။

သူမသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှစ၍ မိသားစုထံမှ ငွေစတင်တောင်းခံခဲ့ပြီး ဒီဇင်ဘာလနှောင်းပိုင်းတွင် အဆက်အသွယ်ပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။ မိသားစု၏ ပြောပြချက်အရ ထိုကာလအတွင်း ဝူထံသို့ စုစုပေါင်း ယွမ်ငွေ ၈၀,၀၀၀ (ဘတ် ၃၈၀,၀၀၀ ခန့်) လွှဲပြောင်းပေးခဲ့သည်ဟု ဆိုသည်။

MGR Online ၏ ဖော်ပြချက်အရ ဝူသည် ပြီးခဲ့သည့်နှစ် ဧပြီလတွင် ကမ္ဘောဒီးယားသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီ ၃ ရက်နေ့တွင် သူမကို သီဟနုဗေးလ် (Sihanoukville) နယ်မြေအတွင်းရှိ လမ်းမများပေါ်တွင် အိုးမဲ့အိမ်မဲ့ အခြေအနေဖြင့် လျှောက်သွားနေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

သူမ၏ပုံများ အွန်လိုင်းတွင် ပျံ့နှံ့ခဲ့ပြီးနောက် ကမ္ဘောဒီးယားရှိ တရုတ်သံရုံးက ဝူကို လိုက်လံရှာဖွေခဲ့ရာ မနေ့က ဇန်နဝါရီ ၅ ရက် တွင် သီဟနုဗေးလ်ရှိ ဆေးရုံတစ်ခု၌ သူမကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။

လစာကောင်းသောအလုပ်ပေးမည်ဟူသော ကတိများဖြင့် ကမ္ဘောဒီးယားသို့ လာရောက်ရန် လိမ်လည်ခေါ်ဆောင်ခြင်းခံခဲ့ရကာ နောက်ပိုင်းတွင် မည်သည့်အကူအညီမျှမရဘဲ ပစ်ပယ်ခြင်းခံခဲ့ရကြောင်း ဝူက သံရုံးအရာရှိများကို ပြောကြားခဲ့သည်။

ထို့ကြောင့် တရုတ်သံရုံးက တရုတ်နိုင်ငံသားများအနေဖြင့် လက်တွေ့မကျသော လစာကောင်းသည့် အလုပ်အကိုင် ကမ်းလှမ်းချက်များကို ရှောင်ကြဉ်ရန်၊ တရားမဝင်လုပ်ငန်းများနှင့် ဆက်စပ်နေသော နယ်ပယ်များသို့ မသွားရန်နှင့် လိမ်လည်လှည့်ဖြားသည့် လုပ်ငန်းများတွင် ပါဝင်ပတ်သက်ခြင်း မပြုရန် သတိပေးချက် ထုတ်ပြန်ခဲ့သည်။ ထိုသို့သော အခြေအနေများသည် ဥပဒေကြောင်းအရ ပြဿနာများ၊ နှိပ်စက်ညှဉ်းပန်းမှုများနှင့် အသက်အန္တရာယ်အထိ စိုးရိမ်ရနိုင်ကြောင်း သတိပေးထားသည်။

ဝူကို ပိုမိုကောင်းမွန်သော ဆေးကုသမှုများခံယူနိုင်ရန် အခြားဆေးရုံတစ်ခုသို့ ပြောင်းရွှေ့ပေးထားပြီး သူမ၏မိသားစုသည် သူမအား တရုတ်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်သွားရန် ကမ္ဘောဒီးယားသို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။