ဗုံးအလုံး ၇၀ ကျော် ကြဲချနေသည့်ကြား ဖလမ်း တပ်စခန်း ၂ ခုကို ချင်းတော်လှန်ရေးတပ်တို့ သိမ်းပိုက်

ဓာတ်ပုံ - ပေးပို့ ၊ CNDF
ပုံစာ - ဖမ်းဆီးရမိသော စစ်သုံ့ပန်း၊လက်နက်ခဲယမ်းများနှင့် တိုက်ပွဲဝင် CNDF ရဲဘော်များ

လေကြောင်းမှ ဗုံးအလုံး ၇၀ ကျော် ကြဲချနေသည့်ကြား ဖလမ်းမြို့နယ်အတွင်းရှိ စစ်တပ်စခန်း ၂ ခုကို ချင်းတော်လှန်ရေးတပ်တို့ သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၅ရက် နံနက်ပိုင်းတွင် ချင်းပြည်နယ်၊ ဖလမ်းမြို့၏ အနောက်မြောက်ဘက်၊ ၁၈မိုင်ခန့်အကွာရှိ ခွါလ်လီ ( Khuangli )ကျေးရွာအနီး တပ်စွဲထားသည့် စစ်တပ်စခန်းနှစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သုံ့ပန်းနှစ်ဦးနှင့် လက်နက်ကြီး၊ လက်နက်ငယ် စုစုပေါင်း ၁၅လက်တို့ သိမ်းဆည်းရမိထားကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) ထံက သိရသည်။

” စခန်းကုန်းဆိုတာထက် စစ်ကြောင်းထိုးရင်း သူတို့ ခြေကုပ်ယူပြီး ထိုင်သွားတဲ့နေရာမျိုးပါ။ တိုက်ပွဲ အတွင်းမှာ စစ်တပ်ဘက်က သေဆုံးမှုများသလို စစ်သုံ့ပန်း ၂ ဦးကိုလည်း ကျနော်တို့ဘက်က ဖမ်းမိထားတယ်။ တိုက်ပွဲအတွင်းမှာ ဂျက်ဖိုက်တာ ငါးစီးလာတယ်။ အဝင်အထွက်နဲ့ ၇၁ ကြိမ်လောက်ကို ဗုံးချပါတယ် ” ဟု CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က MPA ကို ပြောသည်။

ယင်းစခန်း၂ခုကို ယနေ့(ဇန်နဝါရီ၆ရက်)အထိ သိမ်းပိုက်ထားဆဲဖြစ်ပြီး တိုက်ပွဲအတွင်း ချင်းပူးပေါင်းတပ်ဘက်က ထိခိုက်မှုအခြေအနေကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိ ပေ။

” ဒီနေ့(ဇန်နဝါရီ၆ရက်)ကတော့ update မရှိသေးပါဘူးဗျ” ဟု ၎င်းက ဆက်လက်ပြောသည်။

ဇန်နဝါရီ ၃ ရက်ကလည်း ယင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၅ ဦးသေဆုံးကာ၊ ၂ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သေးကြောင်း သိရသည်။

ထို့ပြင် ဒီဇင်ဘာ ၂၉ ရက်ကလည်း ခွါလ်လီကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သား ၃ ဦးသေဆုံးကာ ၄ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သေးသည်။

ယင်းတိုက်ပွဲများကို CC တပ်ဖွဲ့များနှင့် CB အဖွဲ့ဝင် CNDF တို့ပူးပေါင်းတိုက်ခိုက်နေကြခြင်း ဖြစ်ကြောင်း သိရသည်။