အင်းစိန်ထောင်အတွေ့အကြုံများထဲက သိသင့်သည်များကို မျှဝေသွားမည်ဟု ပြန်ကြားရေးဝန်ကြီး ဟောင်းဦးရဲထွဋ်က ဆိုသည်။
ဇန်နဝါရီ၄ရက်တွင် စစ်ကော်မရှင်လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာပြီဖြစ်သော ပြန်ကြား ရေးဝန်ကြီးဟောင်းဦးရဲထွဋ်က ၎င်း၏ ဖေ့ဘွတ်ခ်စာမျက်နှာမှ ယနေ့ (ဇန်နဝါရီ၆ရက်) နှုတ်ခွန်းဆက်စကားပြောကြားစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။
“လွတ်လပ်ရေးနေ့က အိမ်ပြန်ရောက်ပါတယ်။ Account ပြန်ဝင်လို့ရအောင် ကြိုးစားနေရတဲ့အတွက် အခုမှ မိတ်ဆွေများကို နှုတ်ဆက်နိုင်တာပါ။ ပြီးခဲ့တဲ့ ၂ နှစ်ကာလအတွင်း ကျနော်နဲ့ ကျနော့်မိသားစု ကို အားပေးကူညီ ရပ်တည်ပေးခဲ့သူများအားလုံးကို ကျေးဇူးတင်ပါတယ်။ အနေဝေးသွားသူတွေကို လည်း နားလည်ပေးပါတယ်”ဟု ဦးရဲထွဋ်က ဆိုသည်။
ဦးရဲထွဋ်သည် အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် စစ်ကောင်စီတို့ကို ဖေ့ဘွတ်ခ်စာမျက်နှာပေါ်မှ ဝေဖန်ခဲ့သောကြောင့် ၂၀၂၃ခုနှစ်၊အောက်တိုဘာလကုန်ပိုင်း၌ ဖမ်းဆီးခံရပြီး ထောင်ဒဏ်၁၀နှစ် ချမှတ်ခြင်းခံခဲ့ရသည်။
“စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့တဲ့ ဦးရဲထွဋ်ရဲ့ ရပ်တည်ချက်ကို အသိအမှတ်ပြုပါတယ်။ထောင်ထဲ မဝင်ခင်ကအတိုင်း ဆက်လက်ရပ်တည်နိုင်ပါစေလို့ ပြောချင်ပါတယ်”ဟု ၁၉၉၀ပြည့်နှစ်လွန်ကာလ က မန္တလေးထောင်မှ လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက MPAသို့ ပြော သည်။
လတ်တလောတွင် ပြည်တွင်းနှင့် နိုင်ငံတကာအခြေအနေများကို လေ့လာဦးမည်ဖြစ်ပြီး ထို့နောက် ယခင်လို ခရီးသွားကာ စာများရေးဦးမည်ဟု ဦးရဲထွဋ်က ဆိုသည်။
ဇန်နဝါရီ ၄ရက်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား၊ အကျဉ်းသူ ၆၁၃၄ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲတစ် အရ စစ်ကော်မရှင်က လွတ်ငြိမ်းခွင့်ပြုခဲ့ရာ နိုင်ငံရေး အကျဉ်းသားပါဝင်မှုအလွန်နည်းကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်၊ ပြန်ကြားရေးတာဝန်ခံ မရောင်နီလင်းက ပြောသည်။
