မြိုင် ရပ်ကျေးဆေးခန်း စစ်တပ် ဗုံးကြဲမှုကြောင့် ပျက်

ဓာတ်ပုံ - ပေးပို့
ပုံစာ - ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ဆေးခန်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ရပ်ကျေးဆေးခန်းကို စစ်တပ်က ဂျိုင်ရိုကော်ပတာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ယနေ့ (ဇန်နဝါရီ ၆ရက်) နံနက် ၁၀နာရီကျော်တွင် မြိုင်မြို့နယ်၊ ဝယ်တောင်မြောက်ရွာကို မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ တက်လာသည့် ဂျိုင်ရိုကော်ပတာ ၃စင်းဖြင့် ဗုံးကြတိုက်ခိုက်ခဲ့ရာ ကျေးလက်ဆေးပေးခန်းပျက်စီးခဲ့ကြောင်း သိရသည်။

” ဝယ်တောင်က ဝယ်တောင်တောင်ရွာ၊ ဝယ်တောင်မြောက်ရွာရှိပါတယ်ဗျ။ ခုဗုံးကြဲသွားတာက ဝယ်တောင်မြောက်ရွာ ဆေးခန်းကို ကြဲသွားတာပါ။ ဆေးခန်းကတော့ အကုန်လုံးကို ပျက်စီးသလောက်သွားတာပဲဗျ။ ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ ဗုံးနှစ်လုံးကြဲတာဗျ။ တစ်စီးက ကင်းပတ်ဝိုက်ပေးတာ” ဟု မြိုင်ပကဖ၊ ပြည်သူ့ရေးရာတာဝန်ခံက MPA သို့ပြောသည်။

ယင်းဗုံးကြဲတိုက်ခိုက်စဉ် ဆေးခန်းပိတ်ထားသဖြင့် လူထိခိုက်မှုမရှိခြင်းဖြစ်ကြောင်းသိရသည်။

” ဆေးခန်းကကျတော့ ရွာမြောက်ဘက် ကုန်းပေါ်ရှိတာ‌ဆိုတော့ အထိအခိုက်မရှိဘူးပေါ့ဗျာ။ လူနေအိမ်ခြေတွေနဲ့ နည်းနည်းလေးကျဲတယ်။ ဆေးခန်းက အရင်ကဖွင့်တယ်ဗျ။ ဒီဘက် ဂျိုင်ရိုတွေက တောက်လျှောက် တွယ်နေတာဆိုတော့ ပိတ်ထားတာပေါ့။ ရက်ပိုင်း၊ လပိုင်းတော့ရှိမှာပေါ့။ အဲ့ဒါကြောင့်လည်း အထိအခိုက်မရှိတာ” ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးခန်းအတွင်းရှိ ဆရာ၊ ဆရာမများ၏ အသုံးအဆောင်ပစ္စည်းများ၊ ဆေးပစ္စည်းများ၊ မြွေဆိပ်ဖြေဆေးများနှင့် ကာကွယ်ဆေးပစ္စည်းများ ပျက်စီးခဲ့ကြောင်းသိရသည်။

ပေါက်နှင့်မြိုင်အစပ်ကို စစ်တပ်က ဂျိုင်ရိုကော်ပတာဖြင့် နေစဉ်လေကြောင်းတိုက်ခိုက်နေသည်မှာ တစ်‌လကျော်ကြာမြင့်နေပြီဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့များကလည်း မြေပြင်မှ ပြန်လည်ပစ်ခတ်လျက် ရှိကြောင်းသိရသည်။