မန္တလေးတိုင်း၊ မြင်းခြံမြို့အနီးရှိ ရွှေညောင်ပင်ဂိတ်ကို PDF တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ဦးသေဆုံးကာ ပျူ နှစ်ဦးအား အရှင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၆ရက်၊ နံနက် ၅နာရီခန့်တွင် မြင်းခြံမြို့နယ်၊ လေးအိမ်တန်းကျေးရွာ၌ အင်အား ၃၀ခန့်ဖြင့် အထိုင်ချထားသည့် ရွှေညောင်ပင်ဂိတ်ကို PDF တို့ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြင်းခြံမြို့မှ စစ်ကူလာရောက်သည့် အင်အား ၄၀ခန့်ပါ စစ်ကြောင်းကိုလည်း ယင်းဂိတ်နှင့် မီတာ ၁၅၀ ခန့်အကွာ၌ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
” တိုက်ပွဲကြာချိန်က စုစုပေါင်း ၃နာရီလောက်ရှိတယ်။ ဂိတ်ကို ဝင်တိုက်တာ သူတို့ ထိခိုက်မှုရှိပေမဲ့ သေဆုံးတာတော့ မရှိဘူး။ သူတို့က ဂိတ်ကို လာပစ်ပြီး ပြန်မယ်အထင်နဲ့ ပေါ့သွားပုံရတယ်။ စစ်ကူလာတဲ့စစ်ကြောင်းကို စောင့်ပြီးတိုက်တော့ သူတို့ အလစ်အငိုက်ဖြစ်သွားတယ်။ အဲဒီမှာ မျက်မြင် ၇ ယောက်သေပြီး ၅ယောက်ဒဏ်ရာရတယ်။ ကျမတို့ကလည်း စစ်ကြောင်းသုံးကြောင်းခွဲပြီး တိုက်တာဆိုတော့ သူတို့ ထိခိုက်မှုများတယ်။ သူတို့ ဖောကားတွေနဲ့ တက်လာတယ်ကြားလို့ ပြန်ဆုတ်လာပြီး နောက်ပိုင်းမှာ ဒဏ်ရာရတဲ့အထဲက ၃ယောက်ထပ်သေတယ်လို့ သိရပါတယ် ” ဟု မြင်းခြံခရိုင် OneMore စစ်ကြောင်း တာဝန်ခံ မဖြူ(Zuri)က MPA ကို ပြောသည်။
ယင်းဂိတ်ကို ဝင်ရောက်တိုက်ခိုက်စဉ် ပျူစောထီး၂ဦးကိုလည်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ပြီး ယင်းအနက် တစ်ဦးအား ငွေကြေးနှင့် လဲလှယ်မည်ဟု ပျူစောထီးတို့က ဆက်သွယ်လာကြောင်း သိရသည်။
” အရေးပါလို့လား ဘယ်လိုလဲတော့ မသိဘူး။ တစ်ယောက်ကိုပဲ ငွေနဲ့ လဲမယ်လို့ ဆက်သွယ်လာ တာ။ ကျမတို့ One More စစ်ကြောင်းရဲ့ တိုက်ခိုက်ရေးတာဝန်ခံက စစ်တပ်လိုမဟုတ်တဲ့အတွက် ဒါမျိုးမလုပ်ဘူး။ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေဆီ လွှဲမှာဆိုပြီးပဲ ပြန်ပြောခဲ့ပါတယ်။ ဆက်သွယ်လာသူတွေနဲ့ အဲဒါကလွဲပြီး ထပ်မံ စကားလက်ခံပြောဆိုတာ မရှိတော့ပါဘူး ” ဟု ၎င်းက ဆက်လက်သည်။
ရွှေညောင်ပင်ဂိတ်သည် မြင်းခြံမြို့၏ အနောက်ဘက် ၂မိုင်ခန့်အကွာတွင် တည်ရှိကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို မြင်းခြံခရိုင်Onemore စစ်ကြောင်းနှင့်အတူ မြင်းခြံခရိုင် တပ်ရင်း ၂ ၊ မိုရှည်ဒါးယမ်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း၉ ၊ YLK ရေလယ်ကျွန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် အမေ့လက်ရုံး( ရေလည်ကျွန်း)ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
