၂၀၂၅ခုနှစ်အတွင်း အလင်းဝင်နှင့် စစ်သုံ့ပန်း ဖမ်းဆီးရရှိမှု စုစုပေါင်း ၂၅၇၈ဦးရှိကြောင်း ပြည်သူ့ ပန်းတိုင်က ယနေ့(ဇန်နဝါရီ၈ရက်) သတင်းထုတ်ပြန်သည်။
၂၀၂၅ခုနှစ်အတွင်း အလင်းဝင်လာသည့် စစ်အုပ်စုဝင်စုစုပေါင်း ၉၆၁ဦးရှိပြီး ယင်းအထဲတွင် စစ်မှု ထမ်းတပ်သားအများဆုံးဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်၏ ထုတ်ပြန်ချက်များအရ သိရသည်။
“အလင်းဝင်တဲ့ထဲမှာ ပစ(စစ်မှုထမ်းတပ်သား)တွေ များတယ်ဆိုပေမဲ့ အခုစစ်တပ်ထဲ ရောက်သွားတဲ့ စစ်မှုထမ်းအရေအတွက်က သင်တန်းတက်နေတာအပါအဝင်ဆို တစ်သိန်းကျော်ပြီ။တစ်သိန်းကျော် ထဲမှာ အလင်းဝင်တာက အလွန်ဆုံးရှိလှ ၈၀၀ လောက်ပဲဆိုတော့ သိပ်နည်းလွန်းနေတယ်”ဟု နယ် စပ်ဒေသအခြေစိုက် CDMအရာရှိတစ်ဦးက MPAသို့ပြောသည်။
စစ်မှုထမ်းတပ်သား ၉၅ရာခိုင်နှုန်းကျော်မှာ စစ်တပ်ထဲ မဝင်ချင်ဘဲ အကြောင်းအမျိုးမျိုးကြောင့် ရောက်သွားသူများဖြစ်ပြီး စစ်တပ်ထဲတွင်လည်း အသေခံ၊အနှိမ်ခံဘဝနှင့် ရင်ဆိုင်နေရကြောင်း ထို့ကြောင့် စစ်မှုထမ်းတပ်သားများ စစ်တပ်ထဲ၌ မနေချင်သည်မှာသေချာနေသော်လည်း အလင်းဝင်မှုအရေအတွက် နည်းပါးနေရခြင်းအပေါ် သက်ဆိုင်ရာတော်လှန်ရေးအင်အားစုများက သုံးသပ်အဖြေရှာကြရန် လိုကြောင်း ၎င်းက ဆိုသည်။
၂၀၂၅ခုနှစ်အတွင်း လအလိုက် အလင်းဝင်လာသူအရေအတွက်မှာ ဒီဇင်ဘာတွင် ၃၉ဦး၊ နိုဝင်ဘာ ၆၄ ဦး၊ အောက်တိုဘာ ၄၅ဦး၊ စက်တင်ဘာ ၆၉ဦး၊ ဩဂုတ် ၁၇၄ဦး၊ ဇူလိုင်၁၀၉ဦး၊ ဇွန် ၁၀၀၊ မေ ၆၆ဦး၊ ဧပြီ ၆၅ဦး၊ မတ်၆၂ဦး၊ ဖေဖေါ်ဝါရီ၈၀ နှင့် ဇန်နဝါရီ၈၈ဦးတို့ဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်က ထုတ်ပြန် ထားသည်။
အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သားအများစုမှာ စစ်တပ်ကို ပြန်တော်လှန်နေကြကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က ထုတ်ပြန်သည့် ‘ပြည်သူ့စစ်မှုထမ်းဥပဒေ ဖော်ဆောင်သက်ရောက်မှု လေ့လာဆန်းစစ်ချက်”အစီရင်ခံစာ၌ ဖော်ပြထားသည်။
စစ်မှုထမ်းတပ်သားများ ထွက်ပြေးလွတ်မြောက်ရန် ခက်ခဲနေခြင်းမှာ စစ်တပ်၏ ဝါဒဖြန့် ခြိမ်းခြောက် မှုများကို ယုံကြည်ကြောက်လန့်ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များထံ မည်သို့ ဆက်သွယ်ရမည်ကို မသိရှိ ခြင်း၊ ဆက်သွယ်ရန် မလွယ်ကူခြင်းနှင့် သတင်းအချက်အလက် ရရှိသိရှိမှု နည်းပါးခြင်းက အဓိက အကြောင်းရင်းများဖြစ်ကြောင်းနှင့် စစ်တပ်သည် စစ်မှုထမ်းများ ထွက်ပြေးလွတ်မြောက်မှု လျော့ကျ စေရန် ကောင်းစွာ ထိန်းချုပ်လုပ်ဆောင်လာနိုင်ကြောင်း MDSI အစီရင်ခံစာက သုံးသပ်သည်။
တော်လှန်ရေးအင်အားစုများသည် စစ်မှုထမ်းအရေး တုံ့ပြန်ဖြေရှင်းနိုင်ရန် ပြင်ဆင်လုပ်ဆောင်မှုများ အလွန်အားနည်းနေကြောင်းတော်လှန်ရေးတပ်ဖွဲ့များအနေနှင့် စစ်မှုထမ်းအရေးနှင့် ပတ်သက်ပြီး ကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုများ ဖော်ဆောင်ပါက စစ်ရေး၊နိုင်ငံရေးအရွေ့အပေါ် များစွာ အထောက်အကူ ပြုမည်ဖြစ်ကြောင်း MDSI က အကြံပြုသည်။
တော်လှန်ရေးဦးဆောင်အဖွဲ့များအနေနှင့် စစ်ကော်မရှင် ဖော်ဆောင်နေသည့် အဓမ္မစစ်မှုထမ်း ခေါ်ယူနေမှုအပေါ် စနစ်တကျတုံ့ပြန်နိုင်ရန်အတွက် လိုအပ်သောပူးပေါင်းဆောင်ရွက်မှုများနှင့် မဟာ ဗျူဟာများ ချမှတ်ရန်လည်း MDSI က ဆိုသည်။
အသက်ကို ဉာဏ်စောင့်သလိုအမှန်တရားကို တော်လှန်သူတွေ စောင့်ကြောင်း အသက်ကိုလည်း ရှင်စေလို၊ အမှန်တရားကိုလည်း မြင်စေလိုသဖြင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်ချ အလင်းဝင်ကြရန် ပြည်သူ့ပန်းတိုင်က တိုက်တွန်းထားသည်။
