၂၀၂၁ အရေးတော်ပုံ ဆိုသည့်စကားလုံး ထည့်သွင်း ပြောဆိုမဲဆွယ်ခဲ့သည်ဆိုသော ပြည်သူ့ပါတီ လွှတ်တော်အမတ်လောင်း ဦးလွင်မြင့်ကို စစ်ကော်မရှင်က အလုပ်နှင့်ထောင်ဒဏ်တစ်နှစ်ချမှတ်လိုက် သည်။
ယနေ့(ဇန်နဝါရီ၈ရက်)တွင် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက ရွေးကောက်ပွဲဥပဒေပုဒ်မ၅၈(ဂ)ဖြင့် ထောင် ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ပါတီအသိုင်းအဝိုင်းထံက သိရသည်။
“ပထမ ခဏဖမ်းပြီး စစ်တယ်။ပြီးတော့ အာမခံပေးတယ်။အာမခံနဲ့ ရွေးကောက်ပွဲဝင်ပြိုင်တာ ရှုံးတယ်။အခု ဒီနေ့အမိန့်ချတယ်။အဓိကက တစ်တော့ခ်မှာ မဲဆွယ်စည်းရုံးတဲ့ ရုပ်သံဖိုင်ပေါ့။အဲမှာ သူ့အဖေက ကိုကိုးကျွန်းပြန်၊ သူက ၈၈မျိုးဆက်၊ အခုသူ့သားက ၂၀၂၁အရေးတော်ပုံမှာပါခဲ့လို့ သူတို့မျိုးဆက်၃ဆက် ထောင်ကျခဲ့တယ်ဆိုပြီး ပြောတာကို ၂၀၂၁အရေးတော်ပုံ ဆိုတဲ့စကား သုံးတဲ့ အမှုနဲ့ တရားစွဲခံရတာ”ဟု ၁၉၉၀ကျော်ကာလက မန္တလေးထောင်မှ လွတ်မြောက်လာသူ နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးက MPAသို့ ပြောသည်။
ဦးလွင်မြင့်သည် သင်္ဃန်းကျွန်းမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ တရားမဝင်ရွေးကောက်ပွဲ ဝင် ခဲ့ရာ မဲအနည်းဆုံး ရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ချက်အရ သိရသည်။
“၂၀၂၁အရေးတော်ပုံဆိုတဲ့စကားတောင် သုံးခွင့်မရှိတဲ့ ရွေးကောက်ပွဲကို ဝင်ပြိုင်တာကိုက ခွေးမတစ် ကောင်ရဲ့ သားအိမ်ထဲကနေ လူကလေးတစ်ယောက် ထွက်လာမလားလို့ စိတ်ကူးယဉ်နေကြတာ”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးကပြောသည်။
ဦးလွင်မြင့်ကို ထောင်ဒဏ်ချမှတ်လိုက်ခြင်းနှင့် ပတ်သက်ပြီး ပြည်သူ့ပါတီက ယနေ့မွန်းလွဲပိုင်းအထိ တရားဝင် ထုတ်ပြန်ခြင်းမရှိသေးပေ။
ဦးလွင်မြင့် ဝင်ရောက်ယှဉ်ပြိုင်သော သင်္ဃန်းကျွန်းမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ကြံ့ဖွတ် အမတ်လောင်း အနိုင်ရရှိခဲ့သည်။
