Yawland Operation ကြေညာပြီးနောက် ယောနယ်ကိုစစ်ကော်မရှင်လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေ

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင်စစ်ဌာန
ပုံစာ-ယောဒေသအတွင်းရှိ တော်လှန်ရေး ရဲဘော်များ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ယောဒေသအတွင်းရှိ ဂန့်ဂေါမြို့နယ်၊ ထီးလင်းမြို့နယ်နှင့် ကျောက်ထုမြို့နယ်များကို စစ်ကော်မရှင်က ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းမှစ၍ လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

ဂန့်ဂေါခရိုင်အတွင်းရှိ စစ်ကော်မရှင်တပ်စွဲထားသော ပျူစောထီးကျေးရွာများနှင့် စစ်ကော်မရှင်တပ်စခန်းများအား ဒီဇင်ဘာ(၂၇)ရက်၊ နံနက်(၅)နာရီအချိန်ခန့်မှစတင်၍ Yawland Operation အမည်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင်စစ်ဌာနက ဒီဇင်ဘာ(၂၉)ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

Yawland Operationစတင်သည့် ဒီဇင်ဘာ(၂၇)ရက်နေ့မှစ၍ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ ပျူစောထီးကျေးရွာများအနီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ဂန့်ဂေါမြောက်ပိုင်း၊ ရွှေဘိုရွာဒေသခံအမျိုးသားတစ်ဦးက MPAသို့ ပြောသည်။

” စစ်ရေးတော့ မသိရဘူးကွဲ့။ ဝင်ဝနဲ့လယ်ကြီးအရှေ့ရွာသိမ်းပြီးပြီလို့တော့ကြားတယ်။ တိုက်တာတော့ တိုက်နေတာပါ့။ လေကြောင်းကတော့ မြောက်ခင်ရန်းဘက် ပျူရွာတွေသိမ်းကတည်းက လာပစ်နေတာ။ နေ့တိုင်းလိုလိုပါ့”ဟု ၎င်းကဆိုသည်။

ဂန့်ဂေါမြို့နယ်အတွင်း စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် နေအိမ်နှင့်လူထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေအနေများနှင့်ပတ်သက်၍ MPAအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

စစ်ကော်မရှင်သည် တိုက်ပွဲဖြစ်ပွားလျက်ရှိသော ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ ပျူစောထီးကျေးရွာများအနီးကိုသာမက တိုက်ပွဲဇုံနှင့်ဝေးကွာသည့် ကျေးရွာများကိုပါ လေကြောင်းတိုက်ခိုက်မှုပြုလုပ်လျက်ရှိပြီး ဇန်နဝါရီ(၇)နေ့၊ ညနေ၆နာရီခွဲအချိန်ခန့်တွင် မြင်းဇာကျေးရွာဘုန်းကြီးကျောင်းအား ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ဦဇင်းတစ်ပါးနှင့်ကိုရင်တစ်ပါးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်အချို့ထိခိုက်ပျက်စီးခဲ့သည်။

ယင်းအပြင် ထီးလင်းမြို့နယ်မြောက်ပိုင်းတစ်နေရာအား ဇန်နဝါရီ(၃)ရက်၊ ည(၈)နာရီအချိန်ခန့်တွင် ဂျက်ဖိုက်တာဖြင့် ဗုံး(၂)ကြဲချတိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ(၇)ရက်နေ့၊ နံနက်၁၀ နာရီအချိန်ခန့်တွင် ထီးလင်းမြို့နှင့်(၅)မိုင်ပတ်လည်ကျေးရွာများကို Y12ဗုံးကြဲလေယာဥ်ဖြင့် (၁၀)ကြိမ် ဗုံးသီးအလုံး (၆၀)ဝန်းကျင်ကြဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

” မနေ့က Y12ဗုံးကြဲတာက ထလင်းရွာက ကလေးတယောက်ထိတယ်။ အနောက်ဘက်ရွာက စစ်ရှောင်တစ်ယောက်သေတယ်။ တစ်ယောက်လက်မောင်းရှပ်ထိဒဏ်ရာရတယ် ” ဟု ထီးလင်းဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကော်မရှင်သည် ထီးလင်းမြို့နှင့်၅မိုင်ပတ်လည်အား ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် ထီးလင်းမြို့ပေါ်ကိုလည်း Mi17 စစ်ထောက်ပို့ရဟတ်ယာဥ်(၂)စင်းဖြင့် ဆင်းသက်၍ ရိက္ခာနှင့်အင်အားဖြည့်တင်းခဲ့ကြောင်းသိရသည်။

” အင်အားဖြည့်တာ၊ အင်အားအချိန်းအပြောင်းလုပ်တာ။ စစ်ကြောင်းတွေထိုးလာနိုင်တယ်။ ထီးလင်းမြို့ပေါ်ကနေ နယ်တွေဘက်ကိုစစ်ကြောင်းတွေထိုးလာနိုင်တယ်။ ပြည်သူတွေသတိထားသင့်ပါတယ်” ဟု ထီးလင်းမြို့နယ်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထို့အတူ ကျောက်ထုမြို့နယ်မြောက်ပိုင်းကို ဇန်နဝါရီ(၆)ရက် ၉နာရီခွဲအချိန်ခန့်တွင် Y-12ဖြင့် ဗုံးသီးအလုံး (၆၀)ခန့်ကြဲချတိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ (၇)ရက် နေ့လယ် (၁၂)နာရီခွဲအချိန်ခန့်တွင် Y-12ဖြင့်လည်းကောင်း နေ့လယ် (၁)နာရီအချိန်ခန့်တွင် ဂျက်ဖိုက်တာဖြင့်လည်းကောင်း (၂)ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ယင်းအပြင် ကျောက်ထုမြို့ပေါ်ရှိ အမတ(၃၆၈)တပ်အတွင်းသို့ ဇန်နဝါရီ(၇)ရက် နေ့လယ် (၁)နာရီ (၂၀)မိနစ်အချိန်ခန့်တွင် Mi-17စစ်ထောက်ပို့လေယာဥ် (၂)စင်း ဆင်းသက်၍ လက်နက်ခဲယမ်းနှင့် အင်အားဖြည့်တင်းမှုပြုလုပ်ခဲ့သည်။

” လေကြောင်းက သူတို့ထင်ရာတွေလျှောက်ချနေတာ နေမှာပါ့။ အထိအခိုက်တော့မကြားမိဘူး။ တိုက်ပွဲလည်းမရှိဘူးဗျ။ Yawland Operationကြေညာထားတော့ ကြောက်ပြီး လျှောက်ချနေတာရှိမှာ။ အင်အားတွေလည်းဖြည့်နေတာ “ဟု ကျောက်ထုမြို့နယ်မြောက်ပိုင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဂန့်ဂေါမြို့၊ ခလရ(၅၀)တပ်မှလည်း ဇန်နဝါရီ(၇)ရက်၊ ည(၁၀)နာရီအချိန်ခန့်တွင် မြို့အနီးပတ်ဝန်းကျင်ကျေးရွာများသို့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများရှိခဲ့ပြီး ဇန်နဝါရီ (၁၁)ရက်နေ့တွင် စစ်ကောင်မရှင်က ဦးဆောင်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအား တော်လှန်ရေးတပ်များ မနှောင့်ယှက်နိုင်ရန် ကြိုတင်ကာကွယ်နေခြင်းဖြစ်သည်ဟု ယူဆမှုများလည်း ရှိနေသည်။