စစ်တပ်က မီးရှို့သဖြင့် ရွာလုံးကျွတ်နီးပါးပြာကျခဲ့သည့် ပခုက္ကူမြို့နယ်၊ကံရပ်ကြီးရွာတွင် မီးအပူမငြိမ်း သေးသဖြင့် ဒေသခံများ တောတောင်ထဲ၌သာ နေထိုင်နေရသေးကြောင်း သိရ သည်။
ဇန်နဝါရီ ၈ရက်၊ နံနက် ၉နာရီခွဲဝန်းကျင်တွင် ပခုက္ကူတပ်မ ၁၀၁မှ ကား ၆စီးဖြင့် ထွက်လာသည့် အင်အား ၂၀၀ဝန်းကျင်ပါစစ်ကြောင်းသည် မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊ ကန်တော်ရွာမှတစ်ဆင့် ကံရပ်ကြီးရွာသို့ သေနတ်များပစ်ဖောက်ကာ အလစ်အငိုက် ဝင်ရောက်လာပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
” သူတို့က ရွာတောင်ဘက်ကနေ သေနတ်တွေ ဖောက်ဝင်လာပြီးတော့မှ ရှို့သွားတာ။ ကျနော်တို့ ကစဉ့်ကလျားနဲ့ပြေးကြရတာ။ မီးထဲကို ပါသွားတဲ့ အိမ်ကတော့ ကျနော်တို့ လောလောဆယ် ၁၁၀လောက်ပေါ့။ စိစစ်တုန်းပေါ့ဗျာ။ အတိုးအလျော့တော့ ရှိနိုင်သေးတယ်” ဟု ရွာခံအမျိုးသား တစ်ဦးက MPA သို့ပြောသည်။
ဘုန်ကြီးကျောင်းနှင့် စေတီပုထိုးများ မီးမလောင်ခဲ့သော်လည်း ဘုန်းကြီးကျောင်းဘေးရှိ ဇရပ်တစ် ဆောင် မီးထဲပါသွားကြောင်းသိရသည်။
” ဘုန်ကြီးကျောင်းမြောက်ဘက်မှာ ဇရပ်တစ်ဆောင်ရှိတယ်။ အဲ့ဒါ အလှူမဏ္ဍပ်တွေဘာတွေ ထားတာပေါ့ဗျာ။ ရွာတွင်း ပစ္စည်းဥစ္စာလေးတွေထားတာရှိတယ်။ အဲ့ဒီ ဇရပ်တစ်ဆောင်ပါသွား တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
မီးလောင်ပြင်တွင် အပူမငြိမ်းသေးသည့်အတွက် ရှင်းလင်းရေးမလုပ်ဆောင်ရသေးကြောင်းနှင့် စာနပ်ရိက္ခာနှင့် အမိုးအကာများ လိုအပ်နေကြောင်းသိရသည်။
” အဓိက လိုအပ် ချက်ကတော့ အဝတ်အထည်ကတော့ ဖြစ်သလိုကတော့ ရောက်လာကြပါတယ်။ အဓိကကတော့ အမိုးကာလေးရှိရင် မဆိုးပါဘူး။ အမိုးကာလေးရှိရင် အဆင်ပြေမှာပါ။ အမိုးအကာနဲ့ စာနပ်ရိက္ခာ လေးပေါ့ဗျ ” ဟု ၎င်းကပြောသည်။
စစ်ကြောင်းဝင်ရောက်စဉ် အသက် ၆၀အရွယ် အမျိုးသမီးတစ်ဦး သွေးလန့်သေဆုံးခဲ့ကြောင်း သိရသည်။
” သူကမရွေ့နိုင်မလျားနိုင်ပေါ့။ သက်ကြီးရွယ်အိုဆိုတော့လေ။ ပြေးတဲ့အချိန်မှာ သူတို့ လင်မယား ၂ယောက်ပဲ။ သားသမီးတွေက လာကပ်တဲ့အချိန်မှာ ဖအေကနေပြီးတော့ မကပ်နဲ့ ၊မကပ်နဲ့ မင်းတို့ ပဲ လွတ်အောင်ရုန်းကြဆိုပြီးတော့မှ သွားတဲ့အချိန်မှာ သူကလည်း သူ့အမျိုးသမီးသူ ဆွဲထုတ်သေးပုံရ ပါတယ်။ အဲ့ဒီအချိန်မှာ မီးစရှို့တဲ့အချိန်မှာ မီးကျည်ဖောက်တော့ သေနတ်သံပဲထင်တာပေါ့ဗျာ။ အဲ့တော့ကျ လန့်သွားတာတွေလည်း ပါတာပေါ့” ဟု ၎င်းက ပြောသည်။
ယင်း စစ်ကြောင်းသည် ကံရပ်ကြီးရွာကို မီးရှို့ပြီးနောက် ညောင်ဂျစ်ပင်ပျူရွာမှတစ်ဆင့် ညနေပိုင်းတွင် ကမ္မရဲစခန်းသို့ ဝင်ရောက်သွားကြောင်းသိရသည်။
ကံရပ်ကြီးရွာတွင် အိမ်ခြေ ၂၀၀ဝန်းကျင်ရှိပြီး လူဦးရေ ၈၀၀နီးပါးရှိကြောင်းသိရသည်။
