တော်လှန်ရေးတပ်ဖွဲ့များဘက်က ယခင် ထိန်းချုပ်ထားနိုင်သည့် မြို့နှင့် လမ်းပိုင်းအချို့ကို ၂၀၂၅ ခုနှစ်အတွင်း လက်လွှတ်လိုက်ရပြီးနောက် တော်လှန်ရေးတပ်များအနေဖြင့် စစ်ရေးအရ စိန်ခေါ်မှုအသစ်များဖြင့် ရင်ဆိုင်နေကြရကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများထံမှ စုံစမ်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ သြဂုတ်လမှစ၍ စစ်ကော်မရှင်တပ်က ဂန့်ဂေါ – ပုလဲ – မုံရွာ၊ မုံရွာ – ကလေးဝ၊ ဘုတလင် – မုံရွာ၊ မုံရွာ – အရာတော်၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မုံရွာ – ရွှေဘို – ဒီပဲယင်း – ရေဦး – ခင်ဦး – ကန့်ဘလူလမ်းပိုင်းတို့ကို မြေပြင်စစ်ကြောင်းနှင့် လေကြောင်းများကို အသုံးပြုကာ လက်လွှတ်ခဲ့ရသည့် နယ်မြေများကို ပြန်လည်ရယူရန် ကြိုးပမ်းလျက်ရှိနေသည်။
၂၀၂၅ ခုနှစ်၊ ဇွန် ၁၉ ရက်တွင် တော်လှန်ရေးတပ်ဖွဲ့များဘက်က မုံရွာ – ပုလဲ – ဂန့်ဂေါလမ်းမကြီးပေါ်ရှိ စစ်ကော်မရှင်တပ်၏ ကန့်ဒေါင့်ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့သော်လည်း၊ ယခင်က တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထားနိုင်သည့် မင်းတိုင်ပင်ကျေးရွာအပါအဝင် ဆယ်ရွာခန့်ကို လက်ရှိ(၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်)အချိန်ထိ လက်လွှတ်ထားရသည်။
“တော်လှန်ရေးအပေါ်မှာတော့ အလုံးစုံ ယုံကြည်မှုပျက်မသွားဘူး။ မြို့တွေ၊ လမ်းတွေ လက်လွှတ်ထားရတာတော့ သိပ်သဘောမကျဘူး။ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ဘယ်လိုဆက်သွားမလဲဆိုတာကိုဘဲ စောင့်ကြည့်နေရတာ။ ပြည်သူတွေကလည်း စစ်ရှောင်ရင်း ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ဆက်ပြီး ကူညီနေတုန်းပါပဲ။ ကိုယ့်ဘက်က ရထားတဲ့ နယ်မြေတွေ ပြန်ပေးလိုက်ရတော့ အရင်ကထက် ပိုပြီး သွားရလာရတာ ခက်ခဲတယ်။ အဓိကကတော့ ကိုယ်အိမ်ကိုယ့်ယာပဲ ပြန်ချင်တာလေ” ဟု ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာမှ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
ထို့ပြင် စစ်ကော်မရှင်တပ်ဘက်က လေကြောင်းနှင့် ဒရုန်းများအသုံးပြု၍ ထိုးစစ်ဆင်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့များဘက်က တစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မတ္တရာမြို့နယ်အရှေ့ခြမ်း၊ သပိတ်ကျင်း၊ စဥ့်ကူးမြို့နယ်များနှင့် မန္တလေး – မတ္တရာ – စဥ့်ကူးလမ်းပိုင်းများကိုလည်း ပြီးခဲ့သည့် လပိုင်းအတွင်း၌ စစ်ကော်မရှင်တပ်ဘက်က ပြန်လည်ထိန်းချုပ်ခဲ့သည်။
“ရွှေဘိုဘက်မှာ စဥ့်ကူး၊ သပိတ်ကျင်းဘက်က စစ်ရှောင် အိမ်ထောင်စု ၁၃၀ ကျော်ရှိတယ်။ မြို့တွေပြန်ပေးလိုက်ရတော့ အားလျော့တာတော့ ရှိတယ်။ အသည်းနာစရာတွေကတော့ များပေမယ့် လုပ်စရာရှိတာ လုပ်ရမယ်” ဟု အသက် ၃၀ အရွယ် ထောက်ပို့အမျိုးသားတစ်ဦးက ပြောသည်။
မန္တလေးတိုင်းအတွင်းရှိ မတ္တရာအရှေ့ခြမ်း၊ စဥ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်တို့ကို တစ်နှစ်ကျော်ကြာထိန်းချုပ်ထားနိုင်ခဲ့ပြီးနောက် အဆိုပါနယ်မြေများကို ဆုတ်ခွာပေးခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (MDY – PDF) က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်တွင် ထုတ်ပြန်ထားသည်။
“စစ်တပ်က စစ်ရေးမှာ နည်းပညာမြင့်တွေသုံးလာတယ်။ အခု ရွေးကောက်ပွဲလုပ်တယ်။ ရွေးကောက်ပွဲမလုပ်ခင် ထိန်းချုပ်နယ်မြေတွေ ရအောင် ပြန်သိမ်းနေမှာဘဲ။ အခု ရွေးကောက်ပွဲ အပိုင်း ၂ နဲ့ အပိုင်း ၃ ကျန်သေးတယ်။ တော်လှန်ရေးအဖွဲ့တွေဘက်ကလည်း သိမ်းထားတဲ့ မြို့တွေကို စစ်တပ်ကပြန်သိမ်းတာခံရတယ်ဆိုတာကလည်း သိသာတဲ့၊ သေချာတဲ့ စစ်ရေး၊ အုပ်ချုပ်ရေးပိုင်း မလုပ်နိုင်တာကြောင့်ပဲ” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ဆိုသည်။
၂၀၂၅ ခုနှစ်၊ သြဂုတ်လလယ်မှစ၍ ပြည်ထောင်စုလမ်းမကြီးတည်ရှိရာ ကန့်ဘလူမြို့နယ်တောင်ခြမ်း၊ ရွှေဘို – မြစ်ကြီးနားလမ်းပိုင်းရှိ ရေကြည်ဦး၊ ကျီကျင်း၊ ဘူးကုန်းကျေးရွာများနှင့် ယမနေပျူစောထီးကျေးရွာတို့တွင် စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးကာ အထိုင်ကျတပ်စွဲလျက်ရှိနေပြီး ဗျူဟာလမ်းမကြီးကို အလုံးစုံထိန်းချုပ်နိုင်ရန် ကြိုးစားလျက်ရှိနေသည်။
“ရွှေဘို – မြစ်ကြီးနားလမ်းပိုင်းမှာက တချို့နေရာတွေက ပိတ်ထားတော့ ကွင်းလမ်းကနေ သွားရတာ။ တိုက်ပွဲမဖြစ်ရင်တော့ နှစ်ညအိပ်လောက်ကြာတယ်” ဟု ခရီးသွားပြည်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။
လက်ရှိ စစ်ကိုင်းတိုင်းအတွင်းရှိ ရွှေဘို – မြစ်ကြီးနားလမ်းပိုင်း၊ ကသာ၊ ဗန်းမောက်၊ ဘုတလင်၊ ခင်ဦး၊ ရွှေဘို၊ ဝက်လက်၊ တန့်ဆည်၊ ကန့်ဘလူ၊ မကွေးတိုင်းအတွင်းရှိ မြိုင်၊ ပေါက်၊ ဂန့်ဂေါနှင့် ဆင်ဖြူကျွန်းမြို့နယ်၊ ချင်းပြည်နယ်ရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသိမ်းပိုက်ထားသည့် ဖလမ်းနှင့် တီးတိန်မြို့နယ်တို့တွင်လည်း နှစ်ဖက်တပ်ဖွဲ့များကြား စစ်ရေးတင်းမာနေပြီး၊ လေကြောင်းအသုံးပြု၍ တိုက်ခိုက်မှုများလည်း မြင့်တက်လျက်ရှိနေသည်။
စစ်ကော်မရှင်တပ်က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း ၂ နှင့် အပိုင်း ၃ တို့တွင် ပါဝင်သည့် မြို့နယ်များကို ပြန်လည်ရယူနိုင်ရန်အတွက် မြေပြင်ထိုးစစ်ဆင်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်လျက်ရှိနေသည်။
