မြင်းခြံ ပျူစခန်းတစ်ခုကို PDF ဝင်စီးနင်း၊ စစ်အုပ်စုဝင် ၂ ဦးသေဆုံးဟုဆို

ဓာတ်ပုံ - ပေးပို့
ပုံစာ - တိုက်ပွဲဝင်ရဲဘော်များ။ ( ပုံဟောင်း )

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ကုန်းကျေးရွာရှိ ပျူအထိုင်စခန်းကို PDF တို့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့ ( ဇန်နဝါရီ ၁၁ ရက် ) နံနက် ၅ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ ကျောက်ကုန်းကျေးရွာရှိ ပျူစောထီးအထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁ နာရီခွဲခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

” အင်အား ၃၀ လောက်နဲ့ ထိုင်ထားတဲ့ အထိုင်စခန်းပါ။လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ မနက်၅နာရီမှာ စပြီး ဝင်တိုက်ပါတယ်။ ဒီဘက်ကပစ်ပြီး မကြာခင်မှာ သူတို့ပြန်ပစ်ပြီး အပြန်အ လှန်ပစ်ခတ်မှုဖြစ်ပွားပါတယ်။ ပွဲက အရမ်းကြာလာလို့ စခန်းကို မသိမ်းနိုင်ဘဲ ပြန်ဆုတ်ခဲ့ရတယ် ” ဟု မြင်းခြံခရိုင် OneMore စစ်ကြောင်း တာဝန်ခံ မဖြူ(Zuri)က MPA ကို ပြောသည်။

ယင်းတိုက်ပွဲတွင် စစ်အုပ်စုဝင် ၅ဦးလည်း ပြင်းထန်ဒဏ်ရာရရှိကြောင်း သိရသည်။

” တိုက်ပွဲပြီးတဲ့နောက်ပိုင်းမှာ အဲဒီစခန်းကို အင်အားတိုးမြှင့်ထားတာမျိုးရှိပါတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းတိုက်ပွဲကို မြင်းခြံခရိုင်Onemore စစ်ကြောင်း၊ မြင်းခြံခရိုင် တပ်ရင်း ၁၊ တပ်ရင်း ၂၊ ထနောင်း မြေစစ်ကြောင်း၊ မိုရှည်ဒါးယမ်းပြည်သူ့ကာ‌ကွယ်ရေးတပ်ဖွဲ့နှင့် ပတ္တာပြည်သူ့ကာ‌ကွယ်ရေးတပ် ဖွဲ့တို့က ပူးပေါင်းဖော်ဆောင်ခဲ့ကြောင်း သိရသည်။

ကျောက်ကုန်းကျေးရွာသည် မြင်းခြံမြို့နှင့် ၁၈မိုင်ခန့်ဝေးသည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း ၃ ကို ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး မြင်းခြံမြို့နယ်၊ဆီမီးခုံမြို့၊ ရပ်ကွက်၄ခုနှင့် ကျေးရွာအုပ်စု ၅၆ခု တို့၌ ‌ရွေးကောက်ပွဲမလုပ်နိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

စစ်အုပ်စုဝင်များ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။