ရန်ကုန်မြို့တွင် ရွေးကောက်ပွဲလုံခြုံရေးအကြောင်းပြချက်ဖြင့် ဘီယာဝယ်ပြီး ပြန်လာသည့် လူငယ်များကိုပင် ဖမ်းဆီးနေကြောင်း သိရသည်။
ဇန်နဝါရီ၁၁ရက်၊ည၇နာရီခန့်တွင် စမ်းချောင်းမြို့နယ်၊လင်းလွန်းတောင်ရပ်ကွက်၊ လင်းလွန်းလမ်းနှင့် ရွှေလောင်းလမ်းထောင့်၌ ဘီယာဝယ်ပြီး ပြန်လာသည့်လူငယ်၂ဦးကို ဆိုင်ကယ်နှင့်ရောက်လာသည့် ရဲတစ်ဦးက ဖမ်းဆီးသွားကြောင်း Sanchaung Scout Channel က သတင်းထုတ်ပြန်သည်။
“ဖမ်းသွားတာ ကွန်ဖန်းဖြစ်တယ်။တရားဝင်ရောင်းချနေတဲ့ဆိုင်ကနေ တရားဝင်ထုတ်ထားတဲ့ဘီယာ ဗူးကို ဝယ်လာတာကလည်း တရားဝင်မြန်မာနိုင်ငံသားတွေပါ။အဲဒါ ဘီယာ လက်ဝယ်တွေ့ရှိလို့ဆိုပြီး ဖမ်းတာဗျာ။ ဒီနေ့ပြန် လွတ်၊မလွတ်တော့ မသိဘူး။ပိုက်ဆံပေးနိုင်ရင် ပြန်လွတ် မယ်။မပေးနိုင် ရင်တော့ စစ်မှုထမ်းထဲ လစ်ရမယ်”ဟု စမ်းချောင်းမြို့နယ်၊ဂွဈေးအနီးနေ အမျိုးသားတစ်ဦးက MPAသို့ပြောသည်။
ဆိုင်ကယ်နှင့်ရောက်လာသည့်ရဲက ဆိုင်ကယ်ပေါ်တက်မလား၊ လက်ထိပ်ခတ်ရမလားဟု မေးကာ လူ ငယ်၂ဦးကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း Sanchaung Scout Channel က ဆိုသည်။
ဇန်နဝါရီ၈ရက်၊ည၇နာရီ၄၅မိနစ်ခန့်ကလည်း သာကေတမြို့နယ်၊၁၀ဈေးရှေ့၌ ရဲတပ်ဖွဲ့ ကင်းပတ် ကားတစ်စီး ရောက်လာပြီး ဘီယာသောက်နေသည်ဆိုသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့ရာ ၂ဦး ဖမ်းဆီး ခံခဲ့ရကြောင်း Rangoon Scout Network- RSN က သတင်းထုတ်ပြန်ထားသည်။
ဒီဇင်ဘာ၂၈ရက်၊တရားမဝင်ရွေးကောက်ပွဲအပိုင်းတစ်အပြီးတွင် ရန်ကုန်မြို့လမ်းမများပေါ် ရဲများက ဖမ်းဆီးမှု ပိုများလာကြောင်း သိရသည်။
“ညဘက် လမ်းဘေး ဘီယာသောက်လို့၊ မှောင်ရိပ်ခိုလို့ စသဖြင့် အကြောင်းပြပြီး လိုက်ဆွဲနေတာ ပါဗျ” ဟု RSN တာဝန်ရှိသူက MPAသို့ပြောသည်။
ဒီဇင်ဘာ၁ရက်မှ ၇ ရက်အတွင်း ရန်ကုန်မြို့၊ သာကေတ၊ ကမာရွတ်၊ လှိုင်နှင့် တောင်ဥက္ကလာမြို့နယ် တို့ရှိ လူငယ်အမျိုးသား ၄၀ ကို အရက်သောက်နေသည်ဟုဆိုကာ စစ်အုပ်စုဝင်များက ဖမ်းဆီးခဲ့သေး ကြောင်း RSN က ထုတ်ပြန်ထားသေးသည်။
ရန်ကုန်ရဲများသည် ရွေးကောက်ပွဲကာလ လုံခြုံရေးအကြောင်းပြဖြင့် လိုက်လံဖမ်းဆီးနေခြင်းဖြစ်ပြီး ငွေမပေးနိုင်သူများကို စစ်မှုထမ်းဈေးကွက်ထဲသို့ ရောင်းစားနေကြောင်း ရန်ကုန်မြို့ရဲသတင်းရင်းမြစ် ထံက သိရသည်။
