ထိုင်းနိုင်ငံ တွင် ယနေ့နံနက်ပိုင်းက အဆင့်မြင့်အမြန်ရထားလမ်း ကူးတံတားတည်ဆောက်ရေးလုပ်ငန်းခွင်မှ ကရိန်းတစ်ခုသည် ခရီးသည်တင်ရထားပေါ်သို့ အရှိန်ပြင်းစွာ ပြိုကျခဲ့ရာ လူပေါင်း ၂၂ ဦးထက်မနည်း သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့နံနက် ၉ နာရီ ၅ မိနစ်ခန့်တွင် စီခီယို (Sikhio) ခရိုင်၊ ဘန်သနွန်ခေါ့ကျေးရွာအနီး၌ ဘန်ကောက်မှ အုဘွန်ရာချာဌာနီသို့ မောင်းနှင်လာသည့် ခရီးသည်တင်ရထား ဖြတ်သန်းစဉ် တံတားတည်ဆောက်ရေး ကရိန်းသည် ရထားလမ်းပေါ်သို့ ရုတ်တရက် ပြိုကျခဲ့ခြင်းဖြစ်သည်။
ရထားသည် အရှိန်ဖြင့် မောင်းနှင်နေခြင်းကြောင့် လမ်းပေါ်တွင် ကန့်လန့်ဖြတ်လဲကျနေသော ကရိန်းကို အရှိန်ပြင်းစွာ တိုက်မိခဲ့ခြင်းဖြစ်သည်။
ရထားတိုက်မိမှုကြောင့် ရထားတွဲအများအပြား လမ်းချော်သွားခဲ့ရုံသာမက ကရိန်း၏ လေးလံသော သံဘောင်များ ရထားပေါ်သို့ ပိကျမှုကြောင့် မီးလောင်မှုပါ ဖြစ်ပွားခဲ့သည်။ ထိုသို့ မီးလောင်မှုနှင့် ရထားတွဲများ ပိမိမှုကြောင့် ခရီးသည်များစွာမှာ အတွင်း၌ ပိတ်မိနေခဲ့ကြသည်။
ကယ်ဆယ်ရေးအဖွဲ့များ၏ နောက်ဆုံးထုတ်ပြန်ချက်အရ အသက်ဆုံးရှုံးသူ အရေအတွက်မှာ အနည်းဆုံး ၂၂ ဦးအထိ ရှိလာခဲ့ပြီး ဒဏ်ရာရရှိသူ ၄၀ ကျော်ကိုလည်း နီးစပ်ရာ ဆေးရုံများသို့ အရေးပေါ် ပို့ဆောင်ထားရသည်။
သက်ဆိုင်ရာ အာဏာပိုင်များ၏ ကနဦးစုံစမ်းချက်အရ အဆိုပါကရိန်းသည် အမြန်ရထားလမ်းစီမံကိန်းတွင် အသုံးပြုနေစဉ် ရထားမရောက်မီ မိနစ်ပိုင်းအလို၌ လမ်းပေါ်သို့ ပြိုကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် တာဝန်ရှိသူများက ကရိန်းပြိုကျရသည့် အကြောင်းရင်းကို အသေးစိတ် စုံစမ်းစစ်ဆေးနေပြီး ပျောက်ဆုံးနေဆဲဖြစ်သော ခရီးသည်များကို ရှာဖွေနိုင်ရန် အခင်းဖြစ်နေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
