ဗင်နီဇွဲလားနိုင်ငံ၏ နိုင်ငံရေးအနာဂတ်အပေါ် အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ ဆုံးဖြတ်ချက်များတွင် မိမိ၏ သြဇာသက်ရောက်မှု ရှိစေရန် ကြိုးပမ်းသည့်အနေဖြင့် အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒိုက ဇန်နဝါရီ ၁၅ ရက်က အိမ်ဖြူတော်တွင် ပြုလုပ်သည့် တွေ့ဆုံပွဲ၌ သူမ၏ နိုဘယ်လ်ငြိမ်းချမ်းရေးဆု တံဆိပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံသို့ ပေးအပ်ခဲ့သည်။
အိမ်ဖြူတော် တာဝန်ရှိသူတစ်ဦးက သမ္မတ ထရန့်သည် အဆိုပါ ဆုတံဆိပ်ကို သိမ်းဆည်းထားရန် ရည်ရွယ်ထားကြောင်း အတည်ပြုခဲ့သည်။
ထရန့်က “မာရီယာဟာ ကျွန်တော် လုပ်ဆောင်ခဲ့တဲ့ အလုပ်တွေအတွက် သူမရဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ကျွန်တော့်ဆီ ပေးအပ်ခဲ့ပါတယ်။ ဒါဟာ အပြန်အလှန် လေးစားမှုကို ပြသတဲ့ အင်မတန် လက်ရာမြောက်တဲ့ အပြုအမူတစ်ခုပါပဲ။ ကျေးဇူးတင်ပါတယ် မာရီယာ” ဟု ဇန်နဝါရီ ၁၅ ရက် ညနေပိုင်းက သူ၏ Truth လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
အဆိုပါ တွေ့ဆုံမှုကို “အလွန်ကောင်းမွန်သည်” ဟု မာချာဒိုက ဖော်ပြခဲ့ပြီး၊ ယခုကဲ့သို့ လက်ဆောင်ပေးအပ်ခြင်းမှာ ဗင်နီဇွဲလား ပြည်သူများ၏ လွတ်လပ်မှုအပေါ် သမ္မတ ထရန့်၏ ကတိကဝတ်ကို အသိအမှတ်ပြုခြင်း ဖြစ်သည်ဟု ဆိုသည်။
ရာထူးမှ ဖယ်ရှားခြင်း ခံထားရသည့် နီကိုလက်စ် မာဒူရို၏ နေရာတွင် မာချာဒိုကို ဗင်နီဇွဲလား ခေါင်းဆောင်အဖြစ် ခန့်အပ်ရန် စိတ်ကူးကို ထရန့်က ပယ်ချခဲ့ပြီးနောက်ပိုင်းတွင် မာချာဒိုက ယခုကဲ့သို့ ထရန့်၏ သဘောထားကို ပြောင်းလဲရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။
သမ္မတ ထရန့်သည် မာချာဒို ဆုမရရှိမီကပင် နိုဘယ်လ်ဆု ရရှိရေးအတွက် ပွင့်လင်းစွာ စည်းရုံးလှုပ်ရှားခဲ့သူဖြစ်ပြီး၊ ဆုရွေးချယ်မှုတွင် ချန်လှပ်ခံရသည့်အခါ၌လည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးသည်။
မာချာဒိုက သူမရရှိသည့် ရွှေတံဆိပ်ကို ထရန့်ထံသို့ ပေးအပ်ခဲ့သော်လည်း နိုဘယ်လ်ဆု၏ ဂုဏ်ဒြပ်မှာ သူမထံတွင်သာ ဆက်လက် တည်ရှိနေမည် ဖြစ်သည်။
နော်ဝေ နိုဘယ်လ်အဖွဲ့အစည်းက နိုဘယ်လ်ဆုကို တစ်ဦးထံမှ တစ်ဦးသို့ လွှဲပြောင်းပေးခြင်း၊ မျှဝေခြင်း သို့မဟုတ် ပြန်လည်ရုပ်သိမ်းခြင်းများ ပြုလုပ်၍ မရနိုင်ကြောင်း ပြောကြားထားသည်။
မာချာဒိုထံမှ ဆုကို ရယူလိုသလားဟု ရိုက်တာသတင်းဌာနက ဇန်နဝါရီ ၁၄ ရက်က မေးမြန်းရာတွင် ထရန့်က “မဟုတ်ပါဘူး၊ ကျွန်တော် အဲဒီလို မပြောပါဘူး။ သူမက နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ဆွတ်ခူးထားတာပါ” ဟု ဖြေကြားခဲ့သည်။
ထရန့်က အဆိုပါ ဆုကို ရယူရန် စိတ်ဝင်စားမှုရှိကြောင်း ကြာမြင့်စွာကပင် ထုတ်ဖော်ခဲ့ဖူးပြီး တစ်ခါတစ်ရံတွင် ယင်းဆုကို သံတမန်ရေးရာ အောင်မြင်မှုများနှင့် ဆက်စပ်ဖော်ပြလေ့ ရှိသည်။
