ပြည်ထောင်စု လွတ်မြောက်ရေး အတွက်ပါ တိုက်ပွဲဝင်သွားမည်

ဓာတ်ပုံ - ချင်းညီနောင်

ဒေသလွတ်မြောက်ရေးအပြင် ပြည်ထောင်စုလွတ်မြောက်ရေးအတွက်ပါ ကြိုးပမ်းသွားမည်ဟု CPU/CPA တာဝန်ရှိသူက ပြောသည်။

ဇန်နဝါရီ ၁၅ရက်၊ ညနေပိုင်း၌ ပြုလုပ်သည့် ချင်းပြည်သူ့အစည်းအရုံး(Chin People’s Union)၊ ချင်းပြည်သူ့တပ်မတော် (Chin People’s Army) ၏ သတင်းစာရှင်းလင်းပွဲတွင် CPU/CPA အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က အထက်ပါအတိုင်း ပြောသည်။

CPU/CPA သည် ချင်းညီနောင်အဖွဲ့ဝင်အနေဖြင့် SRA၊ NUG PDF များနှင့်အတူ ပူးပေါင်းပြီး ပိုမိုထိရောက်သော ပူးပေါင်းစစ်ဆင်ရေးများ လုပ်ဆောင်ကာ ပြည်ထောင်စုလွတ်မြောက်ရေးအတွက် တစ်စိတ်တစ်ဒေသပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

” ချင်းညီနောင်အနေနဲ့ပဲ SRA ( နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု )ကို Join တာဖြစ်တဲ့ အတွက်၊ SRA မှာလည်း ကျနော်တို့စစ်ဒေသတွေ ခွဲထားတာရှိပါတယ်။ သတ်မှတ်ထားတဲ့စစ်ဒေသ တွေမှာ ဘယ်လိုပါဝင်နိုင်မလဲ၊ လှုပ်ရှားနိုင်မလဲဆိုတဲ့အပိုင်းတွေကို အထူးသဖြင့် မကွေးနဲ့ စစ်ကိုင်း ဘက်တွေမှာ တော်လှန်ရေးဆင်နွှဲလာဖို့တွေ ရှိပါမယ်။ လက်ရှိမှာလည်း ချင်းပြည်မြောက်ပိုင်းဆိုရင် ဖလမ်း၊ တီးတိန်မြို့နယ်‌တွေမှာ တိုက်ပွဲတွေဖြစ်နေပါတယ်။ တောင်ပိုင်းဆိုရင်လည်း မကွေးတိုင်း ထဲပေါ့။ ပေါက်မြို့နယ်ဘက်မှာဖြစ်ပါတယ်။ မကွေးတိုင်းထဲကို ဆင်းပြီး စစ်ကော်မရှင်ရဲ့ ထိုးစစ်ကို တွန်းလှန် တိုက်ခိုက်နေတာရှိပါတယ်။ ၅လ၊ ၆လလောက်တောင် ရှိပါပြီ” ဟု ဆလိုင်းယောမာန်က ပြောသည်။

CPU/CPA အနေဖြင့် KIA၊ TNLA၊ AA တို့နှင့် တွေ့ဆုံကာ စစ်ရေး အရှိန်မြှင့်တင်နိုင်ရေး ပူးပေါင်း ဆောင်ရွက်ကြရန် ကြိုးပမ်းနေသည်များလည်းရှိကြောင်း CPU ဗဟိုကော်မတီဝင် ကိုထန်းခေက ပြောသည်။

” KIA ၊ TNLA တို့နဲ့ တွေ့ဆုံမှုက ကျနော်တို့ စစ်ရေးအရ တွေ့ဆုံမှုဆိုတော့ အများကြီးပြောဖို့တော့ မရဘူး။ တွေ့ဆုံမှုတွေရှိတယ်လို့တော့ ပြောလို့ရပါတယ်။ တွေ့ဆုံမှုတွေကနေ ဘယ်လိုရလဒ်တွေရ လာမလဲဆိုတာကို တကယ့်ရလဒ်တွေ ရလာမှပဲ ဆွေးနွေးလိုပါတယ်” ဟုဆလိုင်းယောမန်က ဆက်လက်ပြောသည်။

CPU/CPA အနေဖြင့် ချင်းတမျိုးသားလုံး ညီညွတ်ရေးကို ICNCC/CB မှတစ်ဆင့် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း CPU ဒုဥက္ကဌ ၃ ဆလိုင်းအောင်မောင်းက ပြောသည်။

ချင်းပြည်နယ်ရှိ မလွတ်မြောက်သေးသည့် ဒေသများကို CB စစ်ရေး၏ အစီအစဉ်ဖြင့် ဆက်လက်သိမ်းယူသွားမည်ဖြစ်ပြီး စစ်တပ်၏ တန်ပြန်ထိုးစစ်ကို ခုခံသွားမည်ဖြစ်ကြောင်း သိရသည်။