တစ်ပတ်တာအတွင်း အလင်းဝင်နှင့် စစ်သုံ့ပန်းဖမ်းဆီးရမိမှု စုစုပေါင်း ၅၅ ဦးရှိကြောင်း ပြည်သူ့ပန်းတိုင်က သတင်းထုတ်ပြန်သည်။
ဇန်နဝါရီပထမပတ်အတွင်း အလင်းဝင်လာသည့် စစ်သား ၁၃ဦးနှင့် စစ်သုံ့ပန်း ဖမ်းဆီးရမိမှု ၄၂ဦးရှိ ပြီး အလင်းဝင်စစ်သား၁၃ဦးထဲတွင် စစ်မှုထမ်းတပ်သား၁၁ဦး ပါဝင်ကြောင်း သိရသည်။
“မိမိအသက်နဲ့ဘဝကို ပြန်ရဖို့က အလင်းဝင်ခြင်း/လက်နက်ချခြင်းကသာ တစ်ခုတည်းသောထွက်ပေါက်ဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်က ထပ်မံသတိပေးပါရစေ”ဟု ပြည်သူ့ ပန်းတိုင်က ထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ပထမပတ်အထိ အလင်းဝင်နှင့် စစ်သုံ့ပန်း စုစုပေါင်း ၂၆၃၃ ဦးရှိကြောင်း သိရသည်။
“ပြီးခဲ့တဲ့နှစ်က အလင်းဝင်တဲ့အရေအတွက်က အလွန်ဆုံးရှိလှ ၁၀၀၀ လောက်ပဲရှိတော့ သိပ်နည်း လွန်းတယ်။အထူးသဖြင့် စစ်တပ်ထဲ မဝင်ချင်ဘဲ ရောက်သွားရတဲ့ ပစ(စစ်မှုထမ်းတပ်သား)တွေ ၉သောင်း ဝန်းကျင်လောက်ရှိနေတာ ဘာလို့ အလင်းဝင်တာ နည်းရတာလဲ။ပစ တွေ စစ်တပ်ထဲ ရောက်သွားပြီးတော့ စစ်တပ်ထဲ ပျော်သွားလို့ မဝင်တာတော့ မဖြစ်နိုင်ဘူးလေ။NUGနဲ့ တော်လှန် ရေး အင်အားစုတွေအနေနဲ့ ဘာ့ကြောင့် အလင်းဝင်တာ နည်းရသလဲဆိုတာ သေချာပြန်သုံးသပ်ဖို့ နောက်တောင် ကျနေပြီ”ဟု နယ်စပ်ဒေသအခြေစိုက် CDM အရာရှိတစ်ဦးက MPAသို့ပြောသည်။
၂၀၂၅ခုနှစ်အတွင်း အလင်းဝင်လာသည့် စစ်အုပ်စုဝင်စုစုပေါင်း ၉၆၁ဦးရှိကာ ယင်းအထဲတွင် စစ်မှု ထမ်းတပ်သားအများဆုံးဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်၏ ထုတ်ပြန်ချက်များအရ သိရသည်။
