ရန်ကုန်မြို့၊ သာကေတမြို့နယ်အတွင်း စစ်တပ်က ကင်းလှည့်ကာ လူ ၁၀ ဦးကို ဖမ်းဆီးသွား ကြောင်း Rangoon Scout Network- RSN က သတင်းထုတ်ပြန်သည်။
ဇန်နဝါရီ ၁၄ ရက်၊ ည ၈ နာရီခန့်တွင် သာကေတမြို့နယ်၊ အမှတ် ၄ (မြောက်) နှင့် အမှတ် ၄ (တောင်) ရပ်ကွက်ထဲသို့ စစ်သားများ ကင်းလှည့်ကာ သုမနလမ်းပေါ်တွင် ၂ ဦး၊ မြို့မ ၁၄ လမ်းထိပ်တွင် ဘေးတွဲမောင်းသူ ၃ ဦး နှင့် မြကန်သာသောက်ရေကန်အနီးတွင် လူ ၅ ဦး တို့ကို ဖမ်းဆီးသွား ကြောင်း သိရသည်။
“မှောင်ရိပ်ခိုပြီး ဘီယာသောက်နေတယ်လို့ စွပ်စွဲပြီး လိုက်ဆွဲသွားပုံရပါတယ်ဗျ”ဟု RSN တာဝန်ရှိသူ တစ်ဦးက ယနေ့ (ဇန်နဝါရီ ၁၆ ရက်) မွန်းလွဲပိုင်းတွင် MPA သို့ပြောသည်။
ဖမ်းဆီးခံရသူများ ပြန်လည်လွတ်မြောက်လာခြင်းရှိ၊မရှိနှင့် ၎င်းတို့၏ နောက်ဆက်တွဲအခြေအနေကို မသိရသေးကြောင်း ၎င်းကဆိုသည်။
စစ်တပ်သည် လှည့်ကင်းကားနှင့် ပတ်ကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီလ ၂ ပတ်တာအတွင်း ကျောက်တံတား၊ လှိုင်သာယာ၊ လှိုင်၊သာကေတ ၊စမ်းချောင်းနှင့် တောင်ဥက္ကလာပမြို့နယ်တို့အတွင်းရှိ လမ်းမများပေါ် ဖမ်းဆီးခံရသူ ၂၉ ဦးရှိပြီဖြစ်ပြီး ယင်း ၂၉ ဦး အနက် ၅ ဦးကို စစ်မှုထမ်းထဲသို့ ပို့လိုက်ကာ ကျန်လူများ၏ နောက်ဆက်တွဲ အခြေအနေကို မသိရသေးကြောင်း RSN က ဆိုသည်။
ဖမ်းဆီးခံရသူအများစုသည် အရက်နှင့် ဘီယာပုလင်းများကိုင်ပြီး လမ်းမများပေါ် သွားလာနေစဉ်နှင့် လမ်းဘေး၌ ထိုင်နေစဉ် စစ်အုပ်စုဝင် စစ်တပ်၊ရဲနှင့် ပျူစောထီးတို့၏ ဖမ်းဆီးမှု ခံရခြင်းဖြစ်သည်။
