စစ်ကိုင်းမြို့အနီးရှိ စစ်ကော်မရှင်တိုးဂိတ်ကို PDF သိမ်းပိုက် ဖျက်ဆီး၊ စစ်အုပ်စုဝင် ၃ ဦးသေဆုံးဟုဆို

ဓာတ်ပုံ - လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့
ပုံစာ - ကံတလူးတိုးဂိတ်ကို ဝင်ရောက်တိုက်ခိုက်စဉ်

စစ်ကိုင်းမြို့အနီးရှိ စစ်ကော်မရှင်တိုးဂိတ်ကို PDFတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက် မိုင်းခွဲဖျက်ဆီးခဲ့ရာ စစ်အုပ်စုဝင် ၃ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ဇန်နဝါရီ ၁၅ရက်၊ ည ၉နာရီ မိနစ်၂၀ခန့်တွင် စစ်ကိုင်းမြို့၊ မုံရွာ-မန္တလေးလမ်းပေါ်ရှိ ကံတလူတိုးဂိတ် ကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။

” ကြာချိန်ကတော့ မိနစ် ၃၀ ဝန်းကျင်ဗျ။ တိုးဂိတ်ရဲ့မလှမ်းမကမ်းမှာ ရဲလေ့ကျင့်ရေး ၃ နဲ့ ရဲတပ်ရင်း ၁၆ ကလည်း အနီးဆုံးမှာရှိနေတော့ အတော်လေး ဂရုတစိုက်နဲ့ လုပ်ခဲ့ရတာ။ ၂၀ ကျော်လောက်က ဂိတ်မှာ အထိုင်ချထားတာဗျ။ အဲ့နောက်က အုန်းတောလျှပ်စစ် ဓာတ်အားခွဲရုံထဲမှာလည်း ခွေးတွေရှိတယ်။ ဓာတ်အားခွဲရုံနဲ့ မျက်စောင်းထိုးမှာ ရဲလေ့ကျင့်ရေး ၃ ၊ သူ့အရှေ့ဘက်မှာ ရဲတပ်ရင်း ၁၆။ အားလုံးက ကပ်လျက် တွေချည်းပဲ” ဟု လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက MPA သို့ပြောသည်။

ယင်းတိုက်ခိုက်မှုတွင် စစ်အုပ်စုဝင် ၃ဦးသေဆုံးခြင်းကို မျက်မြင်တွေ့ရှိခဲ့ကြောင်းသိရသည်။

” ရုပ်အလောင်းတော့ အလုပ်ရှုပ်မခံချင်လို့ ထားခဲ့လိုက်တယ်။ လက်နက်တွေကောက်ပြီး အ လောင်းတွေကျ ထားသွားတာ။ ရှေ့မှာတင် ဘိုင်းခနဲ လဲကျသွားတာမြင်နေရ တာ” ဟု ၎င်းက ဆက်လက်ပြောသည်။

ကျန်စစ်အုပ်စုဝင်များသည် ရဲလေ့ကျင့်ရေး ၃၊ ရဲတပ်ရင်း ၁၆နှင့် အုန်းတောလျှပ်စစ်ဓာတ်အား ခွဲရုံအတွင်းသို့ ထွက်ပြေးသွားကြောင်းသိရသည်။

ယင်းတိုက်ခိုက်မှုပြီးနောက် စစ်ကိုင်းမြို့တွင်းမှ အိမ်စီးကား ၂၂ စီးဖြင့် စစ်ကူလာသဖြင့်ပြန်လည် ဆုတ်ခွာခဲ့ ကြောင်းသိရသည်။

” ကျနော်တို့ကတော့ အစတည်းက စီစဉ်ထားပြီးသားဗျ။ ဒီဂိတ်ကို သိမ်းပြီးရင် ရှေ့တစ်လှမ်းတိုးပြီး ရဲလေ့ကျင့်ရေး ၃ အထိပါ ရသလောက်တိုးဖို့လုပ်ထားတာ။ စစ်ကူကားတွေရောက်လာတော့
ရဲလေ့ကျင့်ရေး ၃ အထိတော့ မတက်နိုင်ခဲ့ဘူး” ဟု ၎င်းကပြောသည်။

ယင်းနောက် စစ်ကိုင်းတက္ကသိုလ်အတွင်း အထိုင်ချထားသည့် စစ်တပ်က လက်နက်ကြီး ၃လုံးပစ်ခတ်ခဲ့ရာ ဗြဲတရော်ကျေးရွာသို့ ကျ‌ရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။
ယနေ့ (ဇန်နဝါရီ ၁၆ရက်)အထိ ကံတလူတိုးဂိတ်တွင် စစ်တပ်ကပြန်လည်အထိုင်ချခြင်း မရှိသေး ကြောင်းသိရသည်။

” ဒီနေ့ကတော့ သူတို့က စစ်မြှူတဲ့သဘောနဲ့ ၃ယောက်လောက် အလာပြပြီး အရပ်ဝတ်တွေနဲ့ဘေးမှာ ကင်းပုန်းတွေချထားတာ။ အဲ့ ၃ ယောက်လောက်ကတော့ ပိုက်ဆံကောက်တာတွေ လုပ်တယ်။တိုးဂိတ်မှာတော့မဟုတ်ဘူး။ အဲ့ဒီ တိုးဂိတ်ရဲ့ အရှေ့ဘက်နားမှာပေါ့။ တိုးဂိတ်ကတော့ အားလုံးsystem breakdown ပါ” ဟု ၎င်းကပြောသည်။

ယင်းတိုးဂိတ်သည် စစ်ကိုင်းမြို့တွင်းနှင့် ၇မိုင်ဝန်းကျင်သာဝေးကြောင်းသိရသည်။

ယင်းတိုက်ခိုက်မှုကို လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့၊ Sagging PDFနှင့် စစ်ကိုင်းမြို့နယ် ပကဖတို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDFရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်းသိရသည်။

စစ်အုပ်စုဝင်များ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။