မွန်ပြည်နယ်အတွင်း အသစ်ပြန်လည်ဖွဲ့စည်းမည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရာထူးများကို ရရှိရန်အတွက် အချင်းချင်း အပြိုင်အဆိုင် လာဘ်ထိုးမှုများ ရှိနေကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။
စစ်ကော်မရှင်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲ အပိုင်း (၁) နှင့် (၂) ကို မွန်ပြည်နယ်ရှိ မြို့နယ် (၁၀) မြို့နယ်စလုံးတွင် ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ကာ၊ အဆိုပါ ရွေးကောက်ပွဲမှတစ်ဆင့် တက်လာမည့် အစိုးရသစ် ဖွဲ့စည်းခြင်းလုပ်ငန်းများ ပြီးစီးပါက ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများကို အသစ်ပြန်လည် ရွေးချယ်ခန့်အပ်မည် ဖြစ်သည်။
ထို့ကြောင့် အသစ်ခန့်အပ်မည့် အုပ်ချုပ်ရေးမှူး ရာထူးများအတွက် သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေအုပ်) အကြီးအကဲများကို ချဉ်းကပ်ကာ လက်ဆောင်ပေးခြင်းနှင့် ငွေကြေးလာဘ်ထိုးခြင်းများ စတင်နေပြီဖြစ်ကြောင်း မော်လမြိုင်ခရိုင် ထွေအုပ်ဌာနနှင့် နီးစပ်သူတစ်ဦးက MPA သို့ ပြောကြားသည်။
“တန်ဖိုးကြီး အရက်တွေနဲ့ သိန်းဆယ်ချီတန်တဲ့ လက်ဆောင်တွေ ပေးနေကြတာပေါ့ဗျာ။ အချို့ဆို ရပ်ရွာထဲက ငွေကြေးတတ်နိုင်သူတွေလည်း ပါတယ်။ ချောင်းဆုံနဲ့ မော်လမြိုင်ဘက်က အလာများတယ်။ မြို့နယ်မှူးရော၊ ခရိုင်မှူးကိုရော ပေးကြတာ။ လူဟောင်းတွေက များသလို တချို့လည်း ကြံ့ခိုင်ရေးပါတီကတစ်ဆင့် လာကြတာရှိတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ ရာထူးအတွက် စစ်တပ်ကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေးပါတီ ထောက်ခံသူများ၊ လက်ရှိတာဝန်ထမ်းဆောင်နေသည့် အုပ်ချုပ်ရေးမှူးများနှင့် စစ်တပ်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းများက အဓိက အားထုတ်နေကြခြင်းဖြစ်သည်။
ထို့အပြင် ရာထူးရရှိရေးအတွက် တံစိုးလက်ဆောင်များသာမကဘဲ အဆင့်ဆင့်သော အရာရှိများကို ငွေကျပ်သိန်းရာချီအထိ လာဘ်ထိုးမှုများ ရှိနေကြောင်း အုပ်ချုပ်ရေးမှူးဟောင်းအချို့က ဆိုသည်။
ဥပဒေအရ အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ကနဦး၌ ဆယ်အိမ်စုမှူးများကို ရွေးချယ်ကာ ယင်းတို့မှတစ်ဆင့် အုပ်ချုပ်ရေးမှူးကို ရွေးချယ်ရမည်ဖြစ်သည်။ ထိုမှတစ်ဆင့် မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြပြီး ခရိုင်အုပ်ချုပ်ရေးမှူး၏ အတည်ပြုချက်ဖြင့် ခန့်အပ်ရမည် ဖြစ်သော်လည်း လက်တွေ့တွင် လာဘ်ပေးလာဘ်ယူမှုများက အဆုံးအဖြတ် ဖြစ်နေသည်။
မော်လမြိုင်မြို့ခံတစ်ဦးက “ပိုက်ဆံထက် လုပ်ပိုင်ခွင့်ကို အဓိကထားကြတာ၊ အုပ်ချုပ်ရေးမှူး ဖြစ်ပြီဆိုတာနဲ့ ငွေက ပုံမှန်ဝင်နေမှာလေ။ နိုင်ငံရေး မတည်ငြိမ်တဲ့ကာလဆိုတော့ ကြိုက်သလို တောင်းလို့ရနေတယ်။ အဲဒီလုပ်စားခွင့် ရဖို့အတွက် ပိုက်ဆံကြိုဂါ (လာဘ်ထိုး) ကြတာပေါ့” ဟု သုံးသပ်သည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကော်မရှင်၏ အုပ်ချုပ်ရေးယန္တရားတွင် ပါဝင်နေသူများသည် ပြည်သူများအပေါ် ဥပဒေအလွဲသုံးကာ အနိုင်ကျင့်ခြင်း၊ ငွေညှစ်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများကို လုပ်ဆောင်ခဲ့ကြသည်။ အထူးသဖြင့် စစ်မှုထမ်းဥပဒေကို အသုံးချကာ ငွေညှစ်ခြင်း၊ တော်လှန်ရေးအင်အားစုများနှင့် ဆက်စပ်သည်ဟု စွပ်စွဲငွေတောင်းခြင်းနှင့် လောင်းကစားဝိုင်းများမှ ငွေယူခြင်းတို့မှာ အုပ်ချုပ်ရေးမှူးများအတွက် အဓိက ငွေဝင်ပေါက်များ ဖြစ်နေသည်။
ပေါင်မြို့နယ်မှ အမည်မဖော်လိုသည့် အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးက “ဒီလို ဂါဝရပြု (လာဘ်ထိုး) တဲ့ကိစ္စက အရင်ကတည်းက ရှိခဲ့တာပါ။ ဒါပေမဲ့ အခုကတော့ တော်တော်လေး ရုပ်ပျက်ဆင်းပျက် ရှိလှတယ်။ သူတို့ပြောသလို လုပ်ပေးနိုင်တဲ့သူ၊ ပေါင်းနိုင်တဲ့သူတွေပဲ နေရာရမှာပဲ” ဟု ဝေဖန်သည်။
တစ်ဖက်တွင်လည်း မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက “အသက်အန္တရာယ် ရှိနေတဲ့ကြားက ဒီရာထူးကို အသည်းအသန် လိုချင်နေကြတာ ဘာအတွက်လဲဆိုတာ လူတိုင်းသိပါတယ်။ ကျတော်တို့ကတော့ ပြောထားတဲ့အတိုင်းပဲ ရှေ့ဆက်သွားမယ်။ ဘယ်သူပဲလုပ်လုပ် ကိုယ်ဖြစ်ကိုယ်ခံပေါ့” ဟု သတိပေးစကား ဆိုသည်။
လာမည့် အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ပွဲသည် အချင်းချင်း ဝေစားမျှစား မတည့်မှုများကြောင့် ပြဿနာမျိုးစုံ ကြုံတွေ့ရနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ ပြီးခဲ့သည့် ရက်ပိုင်းက ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ မွန်ညီညွတ်ရေးပါတီ (MUP) က လွှတ်တော်ကိုယ်စားလှယ် (၁၇) နေရာနှင့် ကြံ့ခိုင်ရေးပါတီ (USDP) က (၂၁) နေရာ အနိုင်ရရှိထားကြောင်း သိရသည်။
