အာဏာဖြင့် သိုက်တူးခြင်းအတတ်သာ ကျွမ်းကျင်သော လက်ရှိမွန်ပြည်နယ်ဝန်ကြီးချုပ်ကို ဖယ်ရှား ရန် ကြံ့ဖွံ့လူဟောင်းများက အလိုရှိကြကြောင်း သိရသည်။
လက်ရှိ မင်းအောင်လှိုင်ခန့် မွန်ဝန်ကြီးချုပ် အောင်ကြည်သိန်းကို တရားမဝင်ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာမည့် တရားမဝင်အစိုးရလက်ထက်တွင်လည်း မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဆက် လက်ခန့်အပ်ရန် လျာထားခြင်းအပေါ် ကန့်ကွက်နေကြပြီး ယနေ့အထိ နာမည်ပျက်မရှိသေးသော လက်ရှိ မွန်ပြည်နယ် လူမှုရေးဝန်ကြီး တင့်ဇော်ထွန်းကို ဝန်ကြီးချုပ်ခန့်ရန် အလိုရှိကြကြောင်း ပါတီ များနှင့်နီးစပ်သည့် မော်လမြိုင်မြို့ခံတစ်ဦးထံက သိရသည်။
“ကျနော်တို့မွန်ပြည်နယ်က ကြံ့ဖွံ့အရင်လူဟောင်းတွေက အောင်ကြည်သိန်းကို နဂိုကတည်းက မ ကြိုက်ကြဘူး။မကြိုက်တာကလည်း အောင်ကြည်သိန်းက လူဟောင်းတွေကို နေရာမပေးဘဲ လူ သစ် မွေးပြီး ဗိုလ်လုပ်နေတာကြောင့်ပါ။အခုရွေးကောက်ပွဲမှာ မွန်ညီညွတ်ရေးပါတီကို ကြံ့ဖွံ့က ရှုံးတာတွေ လည်း ရှိနေတော့ အောင်ကြည်သိန်းက ကြံ့ဖွံ့ပါတီကို ဦးမဆောင်နိုင်ဘူးလို့ ဆိုကြတယ်။ပြီးတော့ မော်လမြိုင်မြို့ပေါ်မှာတောင် အောင်ကြည်သိန်းခွင့်ပြုလို့ လောင်းကစားဝိုင်းတွေ ပွဲခံနေတာဆိုတော့ အောင်ကြည်သိန်းက သူလိုင်းကြေးရဖို့ပဲ သိတယ်။မွန်ပြည်နယ်နာမည်ပျက်နေပြီပေါ့။အဲဒါကြောင့် လူလဲစေချင်ကြတာ”ဟု ၎င်းက MPAသို့ပြောသည်။
လက်ရှိ လူမှုရေးဝန်ကြီး တင့်ဇော်ထွန်းသည် မော်လမြိုင်မြို့သားတစ်ဦးဖြစ်ပြီး မွန်ပြည်နယ်ရဲမှူးကြီး (ငြိမ်း)တစ်ဦးဖြစ်ကာ ၂၀၂၅တရားမဝင်ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီ၏ မော်လမြိုင်မြို့နယ် ပြည် နယ်လွှတ်တော်(FPTP)မဲဆန္ဒနယ်၌ အနိုင်ရခဲ့သူဖြစ်သည်။
“မော်လမြိုင်မြို့သားလည်းဖြစ်တယ်။ မော်လမြိုင်မှာ ဒီနေ့ထိလည်း နာမည်ပျက်မရှိသေးဘူး။ ဆက် ဆံရေး ပြေပြစ်တယ်။အဲဒါကြောင့် မော်လမြိုင်သားတွေကလည်း နောက်လာမယ့်ဝန်ကြီးချုပ်ဖြစ်စေ ချင်ကြတယ်။အခု နေပြည်တော်ထိပေါက်တဲ့ ကြံ့ဖွံ့လူဟောင်းတွေက အောင်ကြည်သိန်းနေရာမှာ တင့်ဇော်ထွန်းကို ခန့်ဖို့ သွားပြောနေတာတောင် ရှိတယ်လို့ ကြားရတယ်”ဟု ၎င်းက ဆက်လက် ပြောသည်။
မွန်ပြည်နယ်ကြံ့ဖွံ့ပါတီဥက္ကဌလည်းဖြစ်သူ အောင်ကြည်သိန်းသည် ချောင်းဆုံမြို့နယ် ပြည် နယ်လွှတ်တော်(မဲအများဆုံးရသူ အနိုင်ယူစနစ်-FPTP)က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပွင့်လင်းမြင်သာ မှုမရှိသည့် သံသယဖြစ်ဖွယ် ကြိုတင်မဲဖြင့် အနိုင်ရခဲ့ပြီး အောင်ကြည်သိန်းရရှိသော ကြိုတင်မဲများကို ဒေသခံတို့က မယုံကြည်ကြပေ။
“ချောင်းဆုံဆိုတာ အောင်ကြည်သိန်း ဇာတိပါ။သူ့ဇာတိကလူတွေတောင် သူ့ကို လက်မခံလို့ နောက် ကျပြီးမှ ရောက်လာတဲ့ ကြိုတင်မဲနဲ့ မွန်အမတ်လောင်းကို ကပ်နိုင်ခဲ့တာ။အောင်ကြည်သိန်းက ဂွင်ဖန် တာကျွမ်းတာပဲရှိတယ်”ဟု မော်လမြိုင်မြို့၊မုပွန်ရပ်နေ ကြံ့ဖွံ့ပါတီဝင်ဟောင်းတစ်ဦးက ပြောသည်။
မွန်ပြည်နယ်၁၀မြို့နယ်စလုံးတွင် တရားမဝင်ရွေးကောက်ပွဲ ပြုလုပ်ပြီးဖြစ်ရာ အချိုးကျကိုယ်စား ပြုခွင့်ရ နေရာများပါ ထည့်ပေါင်းလျှင် ကြံ့ဖွံ့က ၂၁ နေရာနှင့် မွန်ညီညွတ်ရေးပါတီက ၁၇နေရာဖြင့် ဒုတိယအများဆုံးရရှိခဲ့သည်။
အောင်ကြည်သိန်းနှင့်အပေါင်းအပါတို့က လိုင်းကြေးယူကာ မွန်ပြည်နယ်အတွင်း လောင်းကစားဝိုင်း များကို ယနေ့အချိန်ထိ တရားဝင်ဖွင့်နေဆဲဖြစ်သည်။
