ယူကရိန်းစစ်ပွဲတွင် ရှုံးနိမ့်ခဲ့ပါက နျူလက်နက် အသုံးပြုမည်ဟု ရုရှား ခြိမ်းခြောက်

ယူကရိန်းတွင် စစ်ရှုံးပါက သမ္မတဗလာဒီမာပူတင်အနေဖြင့် နျူကလီးယားလက်နက်များကို အသုံးပြုလိမ့်မည်ဖြစ်ပြီး ဥရောပသည်လည်း လုံးဝပျက်စီးသွားမည်ဟု ရုရှားနိုင်ငံခြားရေးနှင့် ကာကွယ်ရေးမူဝါဒကောင်စီ၏ အကြီးအကဲဖြစ်သူ ဆာဂေး ကာရာဂါနော့ဗ်က ပြောကြားသည်။

ရုရှားအစိုးရအနေဖြင့် ဥရောပအပေါ် “အလွန်အကျွံသည်းခံနေကြောင်းလည်း ဆာဂေး ကာရာဂါနော့ဗ်က ၎င်း၏ အစိုးရကို ပြန်လည် ဝေဖန်ခဲ့သည်။

အမေရိကန် လက်ယာယိမ်း ဝေဖန်သုံးသပ်သူ တပ်ကာ ကာလ်ဆင်နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ၎င်းက “ကျွန်တော်တို့အစိုးရဟာ သူတို့အပေါ်မှာ သတိကြီးလွန်းနေပြီး သည်းခံလွန်းနေတာကို ကျွန်တော် ဝေဖန်နေတာပါ။ ဒါပေမဲ့ အနှေးနဲ့အမြန်ဆိုသလိုပဲ သူတို့ (ဥရောပနိုင်ငံများ) က ယူကရိန်းလူမျိုးတွေနဲ့ တခြားသူတွေကို စတေးပြီး ဒီစစ်ပွဲကို ဆက်ပြီး ထောက်ပံ့နေဦးမယ်ဆိုရင်တော့ ကျွန်တော်တို့ သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးရပါလိမ့်မယ်” ဟု ထည့်သွင်းပြောဆိုခဲ့သည်။

ရုရှားရှုံးနိမ့်မည်ဆိုသော အလားအလာမှာ “စိတ်ကူးယဉ် အထင်မှားမှု” သာဖြစ်ကြောင်းနှင့် ဥရောပခေါင်းဆောင်ပိုင်းတစ်ရပ်လုံးတွင် “ဉာဏ်ရည်ပိုင်းဆိုင်ရာ မစွမ်းဆောင်နိုင်မှုများ” ရှိနေကြောင်းလည်း ကာရာဂါနော့ဗ်က ပြောကြားသည်။

“တစ်ချိန်က ကမ္ဘာ့အင်အားကြီး ဗဟိုချက်မတစ်ခုဖြစ်ခဲ့တဲ့ ဥရောပကို အခု ကမ္ဘာပေါ်ကလူတိုင်းက ရယ်နေကြပါပြီ။ အခုတော့ ဥရောပဟာ ပြက်လုံးတစ်ခုဖြစ်နေပါပြီ။ ဒါပေမဲ့ ဥရောပတိုက်သားအားလုံးကို ဆိုလိုတာတော့ မဟုတ်ပါဘူး။ တော်တဲ့၊ တတ်တဲ့ ဥရောပတိုက်သားတွေလည်း ရှိနေပါသေးတယ်” ဟု ၎င်းက ဆိုသည်။

ဥရောပခေါင်းဆောင်များသည် ၁၉၆၈ ခုနှစ်နောက်ပိုင်းကတည်းက “ဉာဏ်ရည်ပိုင်းဆိုင်ရာ ဆုတ်ယုတ်လာခဲ့ခြင်း” ကြောင့် လက်ရှိဖြစ်ပျက်နေသည်များကို “အပြည့်အဝ နားမလည်နိုင်ကြတော့ကြောင်း” လည်း ၎င်းက ပြောကြား သည်။

“စစ်ပွဲဟာ သူတို့နယ်မြေထဲကို ဘယ်တော့မှ ရောက်လာမှာမဟုတ်ဘူးလို့ သူတို့က ယုံကြည်နေကြတယ်။ စစ်ပွဲဆိုတာ ဘယ်လောက်ကြောက်စရာကောင်းသလဲဆိုတာကို သူတို့ မေ့နေကြပြီ။ အခု ရုရှားရဲ့ တာဝန်တစ်ခုကတော့ နျူကလီးယားလက်နက် အသုံးမပြုရဘဲ သူတို့ကို သတိပြန်ဝင်လာအောင် လုပ်ဖို့ပါပဲ” ဟု ၎င်းက ဆိုသည်။

ထို့အပြင် ရုရှားအမျိုးသားရေးဝါဒီ နိုင်ငံရေးသမားတစ်ဦးဖြစ်သူ အသက် ၆၃ နှစ်အရွယ်ရှိ အလက်ဆီ ဇူရဗ်လက်ဗ် ကလည်း ဒေါ်နယ်ထရန့်ကဲ့သို့ “မိမိကိုယ်ကို စကြာဝဠာရဲ့ ဘုရင်လို့ ထင်မှတ်နေသူတွေ” ဟာ “ဒီဂြိုဟ်ကမ္ဘာကြီးကို ကပ်ဘေးဆိုက်အောင် မကြာခဏဆိုသလို ဦးဆောင်ခဲ့ကြတယ်” ဟု ပြောကြားသည်။

အမေရိကန်နှင့် စစ်ပွဲဖြစ်ပွားခဲ့ပါက “ဥရောပဟာ ကျွန်တော်တို့ဆီကို ပြေးလာပြီး အကာအကွယ်ပေးဖို့ တောင်းပန်ရင်း ကျွန်တော်တို့ရဲ့ ခြေရင်းမှာ ဒူးထောက်လာပါလိမ့်မယ်” ဟု ၎င်းက ပြောဆိုခဲ့သည်။