အရာတော် မူလတန်းကျောင်းကို စစ်တပ် ဗုံးကြဲ၊ ကလေးငယ်နှင့် အမျိုးသမီးတစ်ဦး သေဆုံး

ဓာတ်ပုံ - ပေးပို့

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကန်ရင်းကျေးရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၉ နှစ်အရွယ် ကလေးငယ်နှင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁၇ရက် ၊ မွန်းလွဲ တစ်နာရီခွဲခန့်က အရာတော်မြို့နယ်၊ ကန်ရင်းကျေးရွာ မူလတန်းကျောင်းကို စစ်တပ်က လေကြောင်းမှ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

” ဂျက်ဖိုက်တာနဲ့ ဗုံးသီးသုံးလုံးချပါတယ်။ ဗုံးက ပေါင် ၃၀၀ လောက် ရှိမယ်။ ကာမီကာဇေဒရုန်းတွေနဲ့ ဗုံးသီးထပ်ချတယ်။ ပြီးတော့ ဖိုက်တာဝဲပြီးတော့ စက်သေနတ်တွေနဲ့ပါ ပစ်တယ်။ စာသင်နေတဲ့ကလေးတစ်ယောက်နဲ့ ပြည်သူတစ်ယောက်သေသွားပါတယ်။ ဒဏ်ရာရရှိသူ ၃ဦးရှိပါတယ်။ မစိုးရိမ်ရပါဘူး။ ကျောင်းမှာ အချိန်ပိုခေါ်ထားတာကို လူသိပ်မသိလိုက်လို့ ကျောင်းလာကြတဲ့သူနည်းတာ။ မဟုတ်ရင် ထိခိုက်မှု ဒီထက်များနိုင်ပါတယ်” ဟု မုံရွာခရိုင် တပ်ရင်း ၂၊ တပ်ခွဲ ၃ မှ ကိုဝေလင်းက MPA ကို ပြောသည်။

သေဆုံးသည့်ကလေးမှာ ယောက်ျားလေးဖြစ်ပြီး အမျိုးသမီးမှာ အသက်၃၀အရွယ် ဖြစ်ကြောင်း သိရသည်။

” အနားမှာ ဘာတိုက်ပွဲမှမရှိဘဲ အကြောင်းမဲ့ ကလေးတွေ စာသင်နေတဲ့ကျောင်းကို လာပစ်တာပါ။ မူလတန်းကျောင်းပါ။ စာသင်ကျောင်းလည်း ပျက်စီးသလို ကျောင်းနား အိမ်လည်းပျက်စီးသွားပါ တယ်။ အိမ်က တိုက်အိမ်ပါ။ လုံးဝကို ပြိုကျသွားတာပါ။ ရွာသားတွေလည်း လေကြောင်းရန် ရှောင် နေကြပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။

ကန်ရင်းရွာစာသင်ကျောင်း၌ ကျောင်းသားဦးရေ ၁၀၀ခန့်ရှိပြီး ယင်းရွာနှင့် အရာတော်မြို့မှာ ၁၅မိုင်ခန့်ကွာဝေးသည်။

ဇန်နဝါရီလအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် စစ်ကိုင်းတိုင်းအတွင်း ပြည်သူ ၁၅ဦးသေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားသည်။