အမှုဟောင်းများ ဟန်ပြလွတ်ငြိမ်းအပြီး ၅၀၅(က) ပုဒ်မ အပါအဝင် နိုင်ငံရေး ပုဒ်မတပ် ဖမ်းဆီးမှုများ အာဏာသိမ်း စစ်တပ် ပိုလုပ်လာ

ဓာတ်ပုံ-MPA
ပုံစာ- အင်းစိန်ထောင်မှ ပြန်လည် လွတ်မြောက်လာသူအချို့

အာဏာသိမ်းစစ်တပ်သည် ၅၀၅ (က) အမှုဟောင်းများအတွက် ဟန်ပြလွတ်ငြိမ်းချမ်းသာခွင့်များ ပေးပြီးနောက်တွင် အဆိုပါပုဒ်မအပါအဝင် အခြားသော နိုင်ငံရေးပုဒ်မများဖြင့် ၎င်းတို့ကို ဆန့်ကျင်သူများအား ဆက်လက်ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာကြောင်း တရားရေးအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

အာဏာသိမ်းစစ်တပ်သည် နိုဝင်ဘာလကုန်ပိုင်းက ၅၀၅ (က) အမှုများအတွက် ဟန်ပြလွတ်ငြိမ်းချမ်းသာခွင့်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက်ပိုင်းတွင် နိုင်ငံအနှံ့ရှိ ၎င်းတို့၏ စစ်ဆေးရေးဂိတ်များ၌ PSMS (Personal Search Management System) စနစ်ဖြင့် စစ်ဆေးကာ နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးမှုများ ဆက်လက်ပြုလုပ်နေခဲ့ကြောင်း သိရသည်။

“အမေ့မောင် အဖမ်းခံလိုက်ရတယ်။ ကလောမှာ အလုပ်ကိစ္စသွားရင်းနဲ့။ ၂၀၂၂ ထဲက ဖွင့်ထားတဲ့အမှုနဲ့ဆိုပြီး မှတ်ပုံတင်ကို scan ဖတ်ပြီး ဖမ်းသွားတာ” ဟု PSMS စနစ်ဖြင့် စစ်ဆေးဖမ်းဆီးခံခဲ့ရသူ တစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ယင်းသို့ ဖမ်းဆီးမှုများတွင် အာဏာသိမ်းစစ်တပ်သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မများနှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မများတပ်ကာ ဖမ်းဆီးမှုများကို ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

“အန်တီ့သူငယ်ချင်းရဲ့သားကို ထောက်ပို့လုပ်တယ်ဆိုပြီး ဖမ်းတာ။ အမြန်လမ်းမှာ မှတ်ပုံတင်စစ်ရင်းနဲ့ ဖမ်းတာ။ စခန်းရောက်တော့ သူ့အကောင့်မဟုတ်တဲ့ K-pay တွေပြပြီး ထောက်ပို့လုပ်ထားတယ်ဆိုပြီး ဖမ်းလိုက်တာ” ဟု အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက သူမသိရှိသည့် ဖြစ်စဉ်အား ပြောပြသည်။

အဆိုပါ ဖမ်းဆီးခံရမှုများသည် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်မြို့ရှိ တရားရုံးများ၌ ယင်းသို့အလားတူ ဖမ်းဆီးခံရမှုများကို ရုံးတင်စစ်ဆေးမှုများ ခပ်စိတ်စိတ်ရှိလာကြောင်း တရားလွှတ်တော်ရှေ့နေများက ပြောကြားသည်။

“ရုံးတွေမှာ အခုက ၅၀၅ တစ်ခုတည်းမဟုတ်ဘူး။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ ရုံးတင်လာတဲ့အမှုတွေ အများကြီးပဲ။ လူငယ်တွေအများစုပဲ။ အမြန်စစ် အမြန်ထောင်ချပစ်နေတာ” ဟု အင်းစိန်မြို့နယ်မှ တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။

အဆိုပါအမှုများအား တရားလွှတ်တော်ရှေ့နေများအနေဖြင့် စွပ်စွဲခံရသူဘက်မှ လွတ်လပ်စွာ ခုခံချေပခွင့်ပေးရန် ကြိုးပမ်းရာတွင် ခြိမ်းခြောက်ခံရမှုများလည်း ရှိနေသည်ဟု သိရသည်။

“တရားခံဘက်ကနေ သက်သေထွက်မယ့်သူကိုတောင် ခြိမ်းခြောက်ထားတယ်။ ရှေ့နေတွေဆိုလည်း အဲဒီအမှုတွေမှာ ခုခံချေပတာမျိုးလုပ်ဖို့ကို ရုံးဘက်က မလုပ်ဖို့ ခြိမ်းခြောက်တာမျိုးတွေ ရှိတယ်” ဟု ရန်ကုန်တိုင်းမှ ဥပဒေအရာရှိတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်တပ်သည် ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲ မပြုလုပ်မီ တစ်လခန့်အလို နိုဝင်ဘာ ၂၇ ရက်တွင် နိုင်ငံရေးပုဒ်မ ၅၀၅ (က) အမှုများအတွက် အမှုဖွင့်ခံထားရသူ ၅,၅၀၀ ကျော်နှင့် ဖမ်းဆီးထောင်ချခံထားရသူ ၃,၀၀၀ ကျော်အား ဟန်ပြလွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။

ယင်းနောက်တွင် ယခုကဲ့သို့ နိုင်ငံရေးပုဒ်မတပ် ဖမ်းဆီးမှုများ ပိုမိုပြုလုပ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။