စပိန်အမြန်ရထားနှစ်စင်း တိုက်မိမှုတွင် ၂၁ ဦးထက်မနည်း သေဆုံး

ဓာတ်ပုံ - Reuters
ပုံစာ - စပိန်နိုင်ငံတောင်ပိုင်း၊ Adamuz မြို့အနီးတွင်ဇန်နဝါရီ ၁၈ ရက်က တိုက်မိခဲ့သည့် ရထားနှစ်စင်း

စပိန်နိုင်ငံတောင်ပိုင်းတွင် ဇန်နဝါရီလ ၁၈ ရက်နေ့က အမြန်ရထားတစ်စင်း လမ်းချော်ကာ မျက်နှာချင်းဆိုင်မှ လာနေသော အခြားရထားတစ်စင်းကို တိုက်မိခဲ့ရာ၊ ဒုတိယရထားမှာလည်း လမ်းချော်သွားခဲ့ပြီး ၂၁ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းရင်းမြစ်များက ရိုက်တာသတင်းဌာနသို့ အတည်ပြုပြောကြား သည်။

စပိန်သယ်ယူပို့ဆောင်ရေးဝန်ကြီး အော်စကာ ပီနက်က ပြောကြားရာတွင် ရထားတိုက်မိရသည့် အကြောင်းရင်းကို မသိရှိရသေးကြောင်းနှင့် ဖြောင့်တန်းနေသော ရထားလမ်းပိုင်းတွင် ယခုကဲ့သို့ လမ်းချော်မှုဖြစ်ပွားခြင်းမှာ “အလွန်ပင် ထူးဆန်းလှကြောင်း မက်ဒရစ်မြို့ရှိ Atocha ဘူတာရုံတွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌” ပြောဆိုခဲ့သည်။

အဆိုပါ ရထားလမ်းပိုင်းကို ပြီးခဲ့သည့် မေလကမှ အသစ်လဲလှယ်ထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မတော်တဆမှုသည် မြို့တော်မက်ဒရစ်၏ တောင်ဘက် ၃၆၀ ကီလိုမီတာခန့်အကွာ ပြည်နယ်၊ Adamuz မြို့အနီးတွင် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၄၀ မိနစ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။

ဒေသဆိုင်ရာ ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ဒဏ်ရာရရှိသူ ၁၈ ဦးကို ဆေးရုံသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်းနှင့် အချို့မှာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း ပြောကြားသည်။

ပြည်နယ်ရုပ်သံလိုင်း Television Espanola ၏ ဖော်ပြချက်အရ မက်ဒရစ်မှ Huelva သို့ မောင်းနှင်လာသည့် ရထား၏ စက်ခေါင်းမောင်းမှာ သေဆုံးသူများထဲတွင် ပါဝင်ကြောင်းနှင့် စုစုပေါင်း ဒဏ်ရာရရှိသူ ၁၀၀ ဦးရှိကာ ၂၅ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒေသတွင်း ရုပ်သံသတင်းများတွင် လူဦးရေ ၅,၀၀၀ ရှိသော Adamuz မြို့၌ ခရီးသည်များအတွက် နားခိုရာစခန်းတစ်ခု ဖွင့်လှစ်ထားသည်ကို တွေ့ရပြီး ဒေသခံများက အပူချိန် ၆ ဒီဂရီစင်တီဂရိတ်ခန့်ရှိသော ညအချိန်တွင် အစားအစာနှင့် စောင်များကို လာရောက်လှူဒါန်းနေကြသည်ကို တွေ့ရသည်။