စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများသည် စစ်ရေးပစ်မှတ်ထက် ပြည်သူတို့ကို စိတ်ဓာတ်ရေးရာ ဖြိုခွင်းရန်နှင့် ကြောက်ရွံ့မှုဖြစ်စေရန် ဗုံးကြဲခြင်းဗျူဟာအား စနစ်တကျကျင့်သုံးနေကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့်လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က ဆိုသည်။
MDSI က ထုတ်ပြန်လိုက်သည့် “၂၀၂၅ လေကြောင်းတိုက်ခိုက်မှု သုံးသပ်ချက် အစီရင်ခံစာ”တွင် အထက်ပါအတိုင်း ဖော်ပြထားပြီး ၂၀၂၅ ခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၁၈၀ကြိမ် ရှိသည့်အနက် ရာခိုင်နှုန်း ၇၀ ကျော်မှာ လူနေထိုင်ရာ ကျေးရွာများသို့ဖြစ်ကာ စာသင်ကျောင်း၊ဘာသာ ရေးအဆောက် အအုံနှင့် စစ်ဘေးရှောင်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်းလည်း ဆိုသည်။
၂၀၂၅ခုနှစ်အတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ ၁၇၈၃ ဦး သေဆုံးခဲ့ကာ ၂၉၀၀ ဒဏ်ရာရခဲ့ကြောင်း ပျမ်းမျှအားဖြင့် တစ်လလျှင် လေကြောင်းတိုက်ခိုက်မှု ၉၈ ကြိမ်ခန့်ပြုလုပ်ခဲ့ကာ လူ ပေါင်း ၃၉၀ ခန့် သေဆုံး၊ဒဏ်ရာရခဲ့ကြောင်းလည်းက အစီရင်ခံစာက ဖော်ပြသည်။
စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် လေကြောင်းအန္တရာယ်ကို အဆိုး ရွားဆုံးရင်ဆိုင်ခဲ့ရပြီး စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းသည် လေကြောင်းတိုက်ခိုက်ခံရမှုအကြိမ်ရေ အ များဆုံးဖြစ်ကာ ရခိုင်ပြည်နယ်သည် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု အများဆုံးဒေ သဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးစိုးမိုးနယ်မြေတွေမှာ လေကြောင်းရန်အသိပညာပေး တာတွေ လုပ်တယ်။လေကြောင်းရန် ကြုံတာနဲ့ ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ လက်တွေ့လေ့ကျင့်မှု တွေလည်း တာဝန်ရှိသူတွေက လာလုပ်ပေးတာရှိတယ်။ဒါပေမဲ့၊ ကိုယ့်ဘာသာ ပုံမှန် လက်တွေ့ လေ့ ကျင့်မှုတွေ မလုပ်ကြတာများတော့ အရေးကြုံတဲ့အခါ ကယောင်ကတမ်းတွေ ဖြစ်ကုန်ရော။အဲဒါ ကြောင့် ကျေးရွာအလိုက်တာဝန်ရှိသူတွေက ပုံမှန်လေ့ကျင့်ခိုင်းသင့်တယ်”ဟု မုံရွာအခြေစိုက် နိုင်ငံ ရေးတက်ကြွလှုပ်ရှားသူတစ်ဦးက MPA သို့ပြောသည်။
စစ်တပ်၏ လေကြောင်း စစ်ဆင်ရေးမဟာဗျူဟာသည် တော်လှန်ရေးအားကောင်းရာ ပြည်မဒေသ များကို အဓိကထား၍ စစ်ရေးဖိအားပေးခြင်းနှင့် အရပ်သားထိခိုက်မှု မြင့်မားစေခြင်းဖြင့် ပြည်သူတို့ ကြား ကြောက်ရွံ့မှု ဖန်တီးကာ တော်လှန်ရေးအင်အားစုများအပေါ် ထောက်ခံမှု လျော့ကျစေရန် ရည်ရွယ်ကြောင်းလည်း အစီရင်ခံစာက ဆိုသည်။
အရပ်သားများကို ကာကွယ်ရေးအတွက် လေကြောင်းအန္တရာယ်ကြိုတင်သတိပေးစနစ်နှင့် ဗုံးခိုကျင်း အသိပညာပေးမှုများကို စနစ်တကျကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်နှင့် လေကြောင်းတိုက်ခိုက်မှု ခံရသည့် ဒေသများသို့ လူသားချင်းစာနာမှုအကူအညီများ ရောက်ရှိနိုင်မည့် လမ်းကြောင်းများကို ကြို တင်စီမံရန် အစီရင်ခံစာ၌ အကြံပြုထားသည်။
