စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ယနေ့ (ဇန်နဝါရီ ၁၈ရက်)၊ နေ့ခင်း ၁၁နာရီ ၄၅မိနစ်ခန့်တွင် ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ကို ဂျက်ဖိုက်တာဖြင့် ဗုံးသီးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ပအဖက သတင်းထုတ် ပြန်သည်။
” စိုင်ပြင်မြို့ရဲ့ မူးဘောင်အနီးအနားပေါ့။ စိုင်ပြင်မြို့အစွန်ပေါ့ဗျာ။ ၂လုံးကြဲတယ်။ ပြီးတော့ စက်လတ်နဲ့ပစ်တာရှိတယ်။ ပြဿနာလေးတစ်ခုရှိလို့မို့ သူတို့(ထိခိုက် သေဆုံးပြည်သူ) စကားပြောနေကြတဲ့ချိန် ဖြစ်သွားတာလို့ကြားပါတယ်” ဟု ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က MPAသို့ပြောသည်။
ယင်းဗုံးကြဲတိုက်ခိုက်မှုတွင် အမျိုးသား ၂ဦး မစိုးရိမ်ဒဏ်ရာရရှိခဲ့ပြီး အဆောက်အအုံတစ်လုံး ပြိုကျပျက်စီးခဲ့ကြောင်းသိရသည်။
” အဲ့နားရှိတဲ့အဆောက်အအုံကတော့ လုံးဝရှင်းသွားတာပဲဗျာ။ လုံးဝပြောင်သွားတာပဲ။ အဆောက် အအုံကလည်း ဟိုလိုပေါ့၊ အုတ်တိုက်အဆောက်အအုံကြီးကြီးမားမားမဟုတ်ပါဘူး။ ကျနော်တို့ ဒီသွပ်မိုးနဲ့ပေါ့ဗျာ။ အဆောက်အအုံကလည်း အရမ်းခိုင်ခံ့တဲ့ အရာမဟုတ်တာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
ဗုံးကြဲတိုက်ခိုက်သည့်နေရာသည် ပြည်သူများနေထိုင်ရာ နေရာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိ၍ မည်သည့်အကြောင်းကြောင့် ဗုံးကြဲသွားသည်ကို မသိပေ။
စိုင်ပြင်မြို့တွင်း၌ စစ်သားနှင့်ရဲ အင်အား ၂၀ဝန်းကျင်ရှိသည့် ရဲစခန်းရှိပြီး ယင်းစခန်းအနီးမှလွဲ၍ ကျန်နေရာများ၌ အများပြည်သူ သွားလာ၍ရကြောင်းသိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ရက်ကလည်း ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးစာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းတစ်ကျောင်းလုံး ပျက်စီးခဲ့သည်။
