ထိုင်းရောက် မြန်မာအလုပ်သမားအချို့၏ ပိုက်ဆံများကို စည်သူပလပ်ကျွတ်လောင်းကစားလုပ်ပြီး တိမ်းရှောင်နေ

ဓာတ်ပုံ - လူမှုကွန်ရက်

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ၏ ချွေးနည်းစာဖြင့် ပေးထားသော ပန်းရောင်ကတ် (ဘတ်) ပြုလုပ်ခ ငွေများကို ဆယ်လီ စည်သူပလတ်ကျွတ်က လောင်းကစားရာတွင် အသုံးပြုခဲ့သဖြင့် မြန်မာအလုပ်သမားအများအပြား အခက်အခဲနှင့် ကြုံတွေ့နေရပါသည်ဟု စုံစမ်းသိရှိရသည်။

စည်သူပလတ်ကျွတ်သည် အလုပ်သမားများထံမှ ဘတ်ဖိုးငွေများကို ကြိုတင်ကောက်ခံပြီးနောက် ငွေကြေးများ လိမ်လည်ထွက်ပြေးသွားကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ၎င်းကိုယ်တိုင်က လောင်းကစားလုပ်မိသဖြင့် ငွေများကုန်သွားခဲ့ကြောင်း လူမှုကွန်ရက်မှတစ်ဆင့် ဝန်ခံထားသည်။

၎င်း၏ ပြောကြားချက်အရ “ဂိမ်းဆော့မိတယ်၊ ငါလောင်းကစားလုပ်မိသွားတယ် တစ်သိန်း သုံးသောင်းကျော်လုပ်မိသွားတယ်”ဟု ဆိုကာ ငွေကြေးကိစ္စများကြောင့် ခေတ္တရှောင်နေရကြောင်း ဝန်ခံထားပါသည်။

ထို့အပြင် ၎င်းလုပ်ခဲ့သည့် ငါးသန်းကုမ္ပဏီပိုင်ရှင်ကို ဘတ်လုပ်ရန် ငွေချေထားသည့် လူပေါင်း ၁,၃၀၀ ကျော်အတွက် ဘတ်ငွေ ၁၄ သိန်းကျော် ပြန်လည်ပေးရန်နှင့် လူ ၃၆၄ ဦး ပိုက်ဆံရှင်းထားသည့် ၆ သိန်း ၈ သောင်းကျော်ကို ရှင်းပေးရန်လည်း ပြောကြားထားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) မှ ကိုမုန်တိုင်းက “ကျွန်တော်ဆီမှာတော့ ကေ့စ်တွေတော့ဝင်နေပါတယ်။ လောလောဆယ်တော့ လူဦးရေအတည်အကျ မသိသေးဘူး။ အဖွဲ့အနေနဲ့တော့ နှစ်ဖွဲ့ပါ။ နောက်တစ်ခုက လူစုပြီး ငါးသန်းရုံးကိုတော့ သွားခိုင်းထားတယ်။ သူ့ဆီကို တိုက်ရိုက်ဝင်ထားတဲ့ကိစ္စတွေကိုတော့ တာဝန်ယူပေးမယ်လို့တော့ ပြောထားတာတွေ့တယ်။ သူ့ဆီမဝင်တဲ့ဟာဆိုရင် မရဘူးလို့ သိရတယ်။ စည်သူပလက်ကျွတ်ရဲ့ လောင်းကစားနဲ့ လုပ်ထားတဲ့ဟာတွေကိုတော့ တာဝန်မယူဘူးပေါ့။ ဆိုတော့ စည်သူပလက်ကျွတ်ကို တရားစွဲဖို့ကျတော့ ဘဏ်က သူ့ဘဏ်တွေ မဟုတ်ဘူး။ လောင်းကစားဘဏ်တွေဖြစ်တယ်။ ဆိုတော့ သူ့အမှုလိုက်ဖို့က ခက်တယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံတွင် လူတိုင်းကို ယုံကြည်၍မရဘဲ ပွဲစားများဖြင့်သာ ချိတ်ဆက်လုပ်ကိုင်နေကြသဖြင့် အမှန်တကယ် ပြဿနာဖြစ်ပွားပါက မည်သည့်နေရာတွင်မျှ လိုက်လံစုံစမ်းရန် မလွယ်ကူကြောင်း ၊ ထို့ကြောင့် မြန်မာလုပ်သားများအနေဖြင့် နောင်တွင် အမှုဖွင့်တိုင်ကြားနိုင်ရန်အတွက် ပွဲစားများထံမှ နိုင်ငံကူးလက်မှတ် (Passport) ရှေ့မျက်နှာစာ မိတ္တူများကို တောင်းခံထားသင့်ကြောင်းနှင့် ဘဏ်စာရင်းအမည်မှာလည်း နိုင်ငံကူးလက်မှတ်ပါ အမည်နှင့် တူညီမှုရှိမှသာ ငွေလွှဲပြောင်းသင့်ကြောင်း ၎င်းက အကြံပြုသည်။

နစ်နာသူ အလုပ်သမားတစ်ဦးကလည်း “ပထမတစ်ခါ စာအုပ်တော် (သက်တမ်းတိုး) တုန်းက မောင်စည်သူပလက်ကျွတ်နဲ့ လုပ်တယ်။ တခါလိမ်ခံထိသွားတယ်။ အဲဒီတုန်းက ၅၅၀၀ (ဘတ်)၊ ပိုက်ဆံပုံပေးခိုင်းတယ်။ ကျွန်တော်က တဝက်ပဲပေးတယ်။ အဲဒါနဲ့ သူ ပိုက်ဆံတဝက်စိုက်ပေးမယ်ဆိုပြီး ဘတ်ပြန်တင်ပြီးတော့ လုပ်တယ်ဗျာ။ ဘတ်ငါးသန်းကုမ္ပဏီဆိုပြီးတော့ အခုတစ်ခါထပ်တင်၊ အခုထပ်ပြေးပြန်ပြီတဲ့။ ထပ်လိမ်ခံထိပြန်ပြီ။ ငါတို့လည်း အမှတ်မရှိတာလားဘာလား။ အဲဒါဘယ်လိုလုပ်ရမလဲ၊ ဘယ်သူ့ကို ဆက်သွယ်ရလဲ” ဟု ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားကာ အသိပေးထားသည်။

လက်ရှိတွင် စည်သူပလတ်ကျွတ် ကိုယ်တိုင်က လောင်းကစားဖြင့် ငွေများဖြုန်းတီးခဲ့ခြင်းကြောင့် အလုပ်သမားများ၏ ငွေကြေးများ ပြန်လည်ရရှိရန်မှာ ပိုမိုခက်ခဲရှုပ်ထွေးနေသည့် အခြေအနေများဖြစ်ပေါ်နေပြီး ၎င်းထံ ဘတ်စာရင်းလုပ်ထားသူများက အဆိုပါကိစ္စကို အမြန်ဆုံး ပြန်လည်ဖြေရှင်းပေးရန် တောင်းဆိုနေကြသည်။