မဲဆောက်တွင် ပစ်ခတ်ခံရသည့် ထိုင်းရဲအတွက် မြန်မာအမျိုးသမီးတစ်ဦး သွေးလှူဒါန်း၊ ရဲမိသားစုက ကျေးဇူးတင်စကားဆို

ဓာတ်ပုံ - Alice Honey Facebook

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ 7-Eleven ဆိုင်အနီးတွင် မြန်မာနိုင်ငံသားတစ်ဦး၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ထိုင်းရဲတပ်ကြပ်ကြီးအတွက် မြန်မာအမျိုးသမီးတစ်ဦးက ဆေးရုံသို့ကိုယ်တိုင်သွားရောက်ကာ သွေးလှူဒါန်းပေးခဲ့သည့်ဖြစ်စဉ်သည် လူမှုကွန်ရက်တွင် လူအများ၏ ချီးကျူးမှုကို ရရှိနေသည်။

Alice Honey ဆိုသည့် အမျိုးသမီးသည် မဲဆောက်ဆေးရုံသို့ သွားရောက်ကာ ပစ်ခတ်ခံရသည့် ရဲတပ်ကြပ်ကြီးအတွက် သွေးလှူဒါန်းမှုပြုလုပ်စဉ် ရဲတပ်ကြပ်ကြီး၏ ဇနီးနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

၎င်းက ရဲတပ်ကြပ်ကြီးအတွက် သွေးလှူဒါန်းလိုကြောင်း ပြောကြားခဲ့ရာ ဇနီးဖြစ်သူက ဝမ်းသာအားရဖြင့် လက်ခံခဲ့ပြီး လိုအပ်သည့်စာရွက်စာတမ်းများကို ကိုယ်တိုင်ဖြည့်စွက်ပေးခဲ့ကာ ဘေးနားရှိ ထိုင်းအသိမိတ်ဆွေများကိုလည်း မြန်မာမလေးက သွေးလာလှူပေးတယ် ဟု ဝမ်းသာပီတိဖြစ်စွာ ပြောပြခဲ့ကြောင်း သိရသည်။

သွေးလှူဒါန်းအပြီးတွင် အဆိုပါမြန်မာအမျိုးသမီးက ယခုကဲ့သို့ ဖြစ်ပျက်ခဲ့သည့်အတွက် မြန်မာနိုင်ငံသားတစ်ဦးအနေဖြင့် အလွန်စိတ်မကောင်းဖြစ်ရသလို၊ တောင်းပန်ပါတယ် ဟု ပြောကြားခဲ့ရာ ရဲတပ်ကြပ်ကြီး၏ ဇနီးက “ရပါတယ်၊ တောင်းပန်ဖို့ မလိုပါဘူး။ အခုလို လာရောက်ကူညီတာကိုပဲ အရမ်းဝမ်းသာပြီး ကျေးဇူးတင်ပါတယ်” ဟု ကြည်ဖြူစွာ ပြန်လည်ပြောကြားခဲ့သည်။

လက်ရှိတွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် ရဲတပ်ကြပ်ကြီးမှာ အသက်ဘေးအန္တရာယ်မှ လွတ်မြောက်သွားပြီဖြစ်သော်လည်း လိုအပ်သည့် ခွဲစိတ်ကုသမှုများကို ဆက်လက်လုပ်ဆောင်နေရဆဲ ဖြစ်သည်။

ရဲတပ်ကြပ်ကြီး၏ မိသားစုဝင်များကလည်း မြန်မာနိုင်ငံသားအားလုံးကိုယ်စား တောင်းပန်မှုကို နားလည်စွာဖြင့် လက်ခံခဲ့ကြကြောင်း သိရသည်။

သွေးလှူရှင် Alice Honey က “မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ တာဝန်သိစိတ်နဲ့ အခုလို ကူညီခွင့်ရတဲ့အတွက် ပီတိဖြစ်ရပါတယ်” ဟု သူမ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ယခုလုပ်ရပ်သည် မဲဆောက်ရှိ မြန်မာနိုင်ငံသားများအပေါ် ထိုင်းအာဏာပိုင်များနှင့် ပြည်သူများ၏ အမြင်မလွဲမှားစေရန်နှင့် နှစ်နိုင်ငံသားများကြား လူသားချင်းစာနာမှုကို ဖော်ပြနိုင်ခဲ့သည့် လုပ်ရပ်တစ်ခုလည်း ဖြစ်သည်။

ပစ်ခတ်မှုကျူးလွန်သူကြောင့် မြန်မာနိုင်ငံသားများအပေါ် အမြင်စောင်းမှုများ ရှိနေချိန်တွင် ယခုကဲ့သို့ တာဝန်သိစွာ သွေးသွားရောက်လှူဒါန်းသည့် လုပ်ရပ်မှာ မြန်မာအသိုင်းအဝိုင်းအတွက် ဂုဏ်ယူဖွယ်ရာ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။