လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို တရားဝင်မှုမရှိသည့် လွတ်လပ်မှုနှင့် တရားမျှတမှု ကင်းမဲ့သောရွေးကောက်ပွဲအတုများဖြင့် ဖုံးကွယ်၍မရနိုင်ကြောင်း သံအမတ်ကြီးဦး ကျော်မိုးထွန်းက ပြောကြားလိုက်သည်။
ဇန်နဝါရီ၂၀ရက်က ကျင်းပသော ကုလသမဂ္ဂ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ကာကွယ်ရေးနှင့် အပြစ်ပေးရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ပေါ်ပေါက်လာရေး အတွက် အကြိုပြင်ဆင်ရေးကော်မတီ၏ ပထမအကြိမ်ညီလာခံတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲ တမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မိန့်ခွန်း ပြော ကြားစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားသည်။
စစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲဖြင့် ၎င်းတို့၏ရာဇဝတ်မှုများကိုဖုံးဖိရန် မည်သို့ပင်ကြိုးပမ်းစေကာမူ အပြည်ပြည်ဆိုင်ရာဥပဒေအရ ၎င်းတို့အပြစ်များကို ရှောင်လွှဲ၍ရနိုင်မည် မဟုတ်ကြောင်းလည်း ဆိုသည်။
စစ်အုပ်စုသည် ရိုဟင်ဂျာများအပေါ်တွင်သာမက မြန်မာပြည်သူ များအားလုံးအပေါ် အပြည်ပြည်ဆိုင် ရာရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်လျက် ရှိကြောင်း၊မြန်မာပြည်သူများသည် စစ်အုပ်စု၏ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်လျက်ရှိသော အကြမ်းဖက်မှု များကို ခံစားနေကြရပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းအရ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများနှင့် အရပ်သားပြည်သူများ အပါအဝင် လူပေါင်း ၇,၆၉၅ ဦးသည် စစ်တပ်လက်ချက်ဖြင့် အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်ကြောင်း၊စစ်တပ်သည် လူ့အခွင့်အရေးချိုးဖောက်မှု ၂၃,၂၇၂ မှု ကျူးလွန်ခဲ့ပြီး၊ ၎င်းတို့၏ လေကြောင်းတိုက်ခိုက်မှု ၉,၀၀၀ ကျော်ကြောင့် လူ ၄,၆၈၃ ဦး အသက်ဆုံးရှုံးခဲ့ရ ကြောင်းလည်း ဆိုသည်။
“ပြောရရင် ရိုဟင်ဂျာတွေကို စစ်တပ်ရဲ့ သတ်ဖြတ်မှုတွေက နိုင်ငံတကာမျက်နှာစာမှာ သိပ်ပေါ်လွင် နေသလောက် နောက်ဆက်တွဲ စစ်တပ်က မြန်မာပြည်သူတွေကို သတ်ဖြတ်နေတာကျတော့ သိပ် မထင်ရှားဘူးဖြစ်နေတယ်။ဒါကို နိုင်ငံတကာမျက်နှာစာပေါ် ထင်ရှားလာဖို့ ဝိုင်းဝန်းဖော်ထုတ်ပြ ရမယ်”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ပြော သည်။
အထက်ပါကိန်းဂဏန်းများက လူသားမျိုးနွယ်အပေါ်ကျူးလွန်သောရာဇဝတ်မှုများ စစ်အုပ်စု ဆက်လက် ကျူးလွန်နေမှုကို သိသိသာသာထင်ဟပ်ပြသလျက်ရှိပြီး ထိရောက်သော ကြိုတင်ကာ ကွယ်ရေးနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး၏ အရေးကြီးပုံကို သက်သေပြနေကြောင်းလည်း သံ အမတ်ကြီးက ပြောသည်။
မြန်မာကို ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဖြင့် ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားသည့်အမှုအား နယ်သာလန်နိုင်ငံ၊သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် ဇန်နဝါရီ၁၂ရက်မှစတင် ကာ ကြားနာလျက်ရှိသည်။
