လောင်းလုံတွင် မဲစာရင်းကောက်သည့် စစ်ကော်မရှင်အဖွဲ့ တိုက်ခိုက်ခံရမှုအတွင်း အရပ်သား သုံးဦးသေဆုံး

ဓာတ်ပုံ - LLPDF

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာတွင် ရွေးကောက်ပွဲဆိုင်ရာကိစ္စများ ဆောင်ရွက်နေသည့် စစ်ကော်မရှင် ပူးပေါင်းအဖွဲ့များ ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုအတွင်း အရပ်သား ၃ ဦး သေဆုံးကာ ကလေးငယ် ၁ ဦး အပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက် မွန်းလွဲ ၂ နာရီခန့်က စခန်းကြီးကျေးရွာအုပ်စုတွင် မဲစာရင်းကောက်ယူခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များနှင့် ၎င်းတို့ကို လုံခြုံရေးယူပေးထားသည့် စစ်ကော်မရှင်တပ်ဖွဲ့များကို အမည်မသိတော်လှန်ရေးအဖွဲ့တစ်ခုက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဒရုန်းဗုံးသီးသည် စစ်ကော်မရှင်လုံခြုံရေးအဖွဲ့အနီးရှိ နေအိမ်အနားသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် နေအိမ်ခြံဝင်းအတွင်းရှိ အရပ်သားများ ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဖြစ်စဉ်ကို သိရှိသည့် လောင်းလုံးမြို့ပေါ်နေ အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။

“သူတို့ (စစ်သားပူးပေါင်းအဖွဲ့) က ကားလေး၊ ငါးစီးနဲ့ ရွာထဲကို ရောက်လာပြီး မဲစာရင်းလိုက်ကောက်နေချိန်မှာ အဖွဲ့တစ်ခုက ချလိုက်တာ။ ကျွန်မမေးကြည့်သလောက်တော့ အသံကြားကြားချင်း ထွက်ပြေးကြတာတွေ ရှိတယ်။ ဗုံးသီးက အရပ်သားနဲ့ နီးတဲ့အိမ်အနား ကျသွားလို့ ထိသွားတာ၊ အိမ်တွေကလည်း ကပ်နေတာကိုး” ဟု ၎င်းက ဆိုသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် သက်ကြီးပိုင်းအမျိုးသမီး ဒေါ်ချို အပါအဝင် မိသားစုဝင် အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး၊ ကလေးငယ်တစ်ဦးနှင့်အတူ သက်ကြီးပိုင်း အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးတို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဒဏ်ရာရရှိသူများအနက် ကလေးငယ်သည် ဝမ်းဗိုက်တွင် ဗုံးစထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိထားသဖြင့် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေရှိကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကို အတည်မပြုနိုင်သေးသလို၊ ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့အချို့ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ ဖြေကြားခြင်း မရှိပေ။

ပေါက်ကွဲမှုကြောင့် စစ်ကော်မရှင်ဘက်မှ ထိခိုက်မှုအခြေအနေကို အတိအကျ မသိရသော်လည်း အချို့မှာ ဗုံးစထိမှန် ဒဏ်ရာရရှိသူများ ရှိကြောင်း သိရသည်။

ထို့အပြင် စစ်ကော်မရှင်၏ ဌာနဆိုင်ရာပူးပေါင်းယာဉ်တန်းသည် စခန်းကြီးကျေးရွာအထွက် မဲအုံနှောက်နှင့် ခမောင်းတောင်းရွာအကြားတွင် ထပ်မံ၍ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသော်လည်း ထိခိုက်မှုအခြေအနေကိုမူ မသိရသေးပေ။

“အခုက ဘယ်သွားသွား သတိနဲ့ သွားနေရတယ်၊ အခြေအနေက ပိုဆိုးလာတယ်။ မြို့ထဲမှာတောင် အခန့်မသင့်ရင် ဖမ်းဆီးခံနေရတာ၊ ခရီးထွက်ရင်လည်း သတိထားရတယ်။ ဒီဘက်က တိုက်ပွဲခပ်စိပ်စိပ်ဖြစ်နေတော့ ဖြစ်လာရင် ကိုယ်ပဲ ထိမယ်။ သူတို့ကလည်း ရွေးကောက်ပွဲကိစ္စနဲ့ ခြေရှုပ်နေတာဆိုတော့ ဖြစ်လာရင် ဘာမှလုပ်လို့မရဘူး” ဟု လုံခြုံရေးအခြေအနေနှင့် ပတ်သက်ပြီး သရက်ချောင်းမြို့ခံတစ်ဦးက ပြောသည်။

ဇန်နဝါရီလ ၂၅ ရက်တွင် စစ်အုပ်စုက ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း (၃) တွင် တနင်္သာရီတိုင်းအတွင်းရှိ ပုလော၊ သရက်ချောင်းနှင့် လောင်းလုံးမြို့နယ်တို့ ပါဝင်နေသည်။

လောင်းလုံးမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၄ ခုအပြင် ကမြောကင်း၊ မောင်းမကန်နှင့် စခန်းကြီးကျေးရွာအုပ်စုတို့တွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ထုတ်ပြန်ထားသည်။

အလားတူ သရက်ချောင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၅ ခုနှင့် ကျေးရွာအုပ်စု ၄ ခု၊ ပုလောမြို့နယ်တွင်လည်း ရပ်ကွက်နှင့် ကျေးရွာအုပ်စုအချို့တွင် ကျင်းပမည်ဖြစ်သည်။ အဆိုပါမြို့နယ်များတွင် မြို့ပေါ်နှင့် အချို့နေရာများကို စစ်တပ်က ထိန်းချုပ်ထားသော်လည်း ကျန်နယ်မြေအများစုမှာ တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထားသဖြင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

“တိုက်ပွဲကတော့ ဒီဘက်မှာ အမြဲဖြစ်နေတာပဲ။ ဖြစ်နေတုန်း သတင်းထုတ်ပြန်လို့ မရတာပါ။ အခုထိလည်း ရွေးကောက်ပွဲကျင်းပမယ့် မြို့နယ်တွေမှာ ဖြစ်နေတုန်းပဲ။ နေရာသိသွားရင် ကျွန်တော်တို့ စစ်ရေးဖော်ဆောင်ဖို့ ခက်ခဲတဲ့အတွက် သတင်းအတိအကျ ထုတ်ဖို့ ခက်ပါတယ်” ဟု ထားဝယ်ခရိုင်အခြေစိုက် တော်လှန်ရေးတပ်ခေါင်းဆောင်တစ်ဦးက ပြောသည်။

လက်ရှိတွင် ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်များအတွက် စစ်ကော်မရှင်က အင်အားအများအပြားအသုံးပြု၍ လုံခြုံရေးတင်းကျပ်ထားပြီး တော်လှန်ရေးတပ်များ ဝင်ထွက်နိုင်သည့်နေရာများတွင် ကင်းပုန်းများချကာ စစ်ကြောင်းထိုး လှုပ်ရှားလျက်ရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်ကလည်း လောင်းလုံးမြို့နယ်ရှိ ခလရ ၁၀၄ တပ်ရင်းနှင့် သရက်ချောင်းမြို့ပြင်ရှိ စစ်ဆေးရေးဂိတ်များကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာအချို့တွင် နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း သိရသည်။