ကေအဲန်ယူ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်မှုထမ်းတပ်သား ၇ ဦး အလင်းဝင် လာကြောင်း သိရသည်။
ဇန်နဝါရီ၁၈ရက်တွင် အဓမ္မစစ်မှုထမ်းစေခိုင်းခံရသူ ၇ဦးတို့သည် KNLA တပ်မဟာ၃ လက်အောက် ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တပ်ရင်း၃ ထံသို့ အလင်းဝင်လာခြင်းဖြစ်ကြောင်း ကေအဲန်ယူက ယနေ့(ဇန်နဝါရီ၂၁ရက်)သတင်းထုတ်ပြန်သည်။
“၂၀၂၅ခုနှစ်အတွင်းမှာ အလင်းဝင်တဲ့အရေအတွက် နည်းပါတယ်။စစ်တပ်ထဲ မဝင်ချင်ဘဲနဲ့ အကြောင်းအမျိုးမျိုးကြောင့် ရောက်သွားတဲ့ ပစ(စစ်မှုထမ်းတပ်သား)တွေ တစ်သိန်းလောက်ရှိ နေ တဲ့အခြေအနေမှာ ၂၀၂၅ခုနှစ်အတွင်း ပစ အလင်းဝင်တာ ၁၀၀၀ တောင် မရှိဘူးဖြစ်နေတယ်။ တာဝန်ရှိတဲ့ တော်လှန်ရေးအင်အားစုတွေက အလင်းဝင်တွေ များလာအောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာ ပြန်သုံးသပ်သင့်တာ ကြာပြီ”ဟု နယ်စပ်ဒေသအခြေစိုက် CDM အရာရှိတစ်ဦးက MPA သို့ပြောသည်။
စစ်မှုထမ်း၇ဦးတို့သည် ကျောက်ကြီးမြို့နယ်၊တုံးတံတားတွင် တာဝန်ကျနေသော ခလရ ၅၃တပ်ရင်း မှ ဖြစ်ကြောင်း သိရသည်။
တော်လှန်ရေးအင်အားစုများအနေနှင့် စစ်မှုထမ်းတပ်သားများကို ထိထိရောက်ရောက် ကယ်တင်နိုင်ရေးအတွက် မဖြစ်မနေကြိုးစားလုပ်ဆောင်သင့်ပြီဟု ပြည်သူ့ပန်းတိုင်ကလည်း တိုက်တွန်းထားသည်။
အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သားအများစုမှာ စစ်တပ်ကို ပြန်တော်လှန်နေကြကြောင်း MDSI ထုတ်ပြန်သည့် ‘ပြည်သူ့စစ်မှုထမ်းဥပဒေ ဖော်ဆောင်သက် ရောက်မှု လေ့လာဆန်း စစ်ချက်”အစီရင် ခံစာ၌ ဖော်ပြထားသည်။
၂၀၂၅ခုနှစ်အတွင်း အလင်းဝင်လာသည့် စစ်အုပ်စုဝင်စုစုပေါင်း ၉၆၁ဦးရှိပြီး ယင်းအထဲတွင် စစ်မှု ထမ်းတပ်သားအများဆုံးဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်၏ ထုတ်ပြန်ချက်များအရ သိရသည်။
