အမေရိကန်ပြည်ထောင်စု၏ ကျူးကျော်ဝင်ရောက်လာနိုင်ခြေအပေါ် တုံ့ပြန်မည့် စစ်ရေးနည်းဗျူဟာများအား ကနေဒါလက်နက်ကိုင်တပ်ဖွဲ့များက လေ့ကျင့်ပုံဖော်နေသည့်အကြောင်းကို ကနေဒါနိုင်ငံ၏ ထိပ်တန်းသတင်းစာတစ်စောင်က မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြခဲ့သည်။
သမ္မတ ဒေါ်နယ်ထရန့်က ကနေဒါနှင့် အခြားနိုင်ငံများကို သိမ်းပိုက်မည်ဟု ခြိမ်းခြောက်ပြီးနောက်၊ ကနေဒါလက်နက်ကိုင်တပ်ဖွဲ့များက အမေရိကန်၏ တိုက်ခိုက်မှုကို တုံ့ပြန်ရန် ပုံဖော်ထားသည့် မဟာဗျူဟာကို The Globe and Mail သတင်းစာက ဇန်နဝါရီ ၂၀ ရက်က မျက်နှာဖုံးသတင်းတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ စစ်ရေးအစီအမံများကို ရေးဆွဲခြင်းမှာ နှစ်ပေါင်း တစ်ရာအတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။
“စစ်ရေးပုံစံငယ် (Military model) ဆိုသည်မှာ သဘောတရားနှင့် သီအိုရီဆိုင်ရာ မူဘောင်တစ်ခုသာဖြစ်ပြီး၊ စစ်ဆင်ရေးများ ဆောင်ရွက်ရန် အဆင့်ဆင့် ညွှန်ကြားထားသည့် လက်တွေ့ကျသော စစ်ရေးစီမံချက် (Military plan) မဟုတ်ပါ” ဟု သတင်းစာက ဖော်ပြသည်။
“အစိုးရ အဆင့်မြင့်အရာရှိ နှစ်ဦး၏ ပြောကြားချက်အရ စစ်ရေးစီမံချက် ရေးဆွဲသူများသည် တောင်ဘက်မှ အမေရိကန်၏ ကျူးကျော်မှုကို ပုံဖော်တွက်ချက်နေကြပြီး၊ အမေရိကန်တပ်ဖွဲ့များသည် ကနေဒါ၏ ကုန်းကြောင်းနှင့် ရေကြောင်း မဟာဗျူဟာမြောက် နေရာများကို တစ်ပတ်အတွင်း သို့မဟုတ် နှစ်ရက်အတွင်း အလျင်အမြန် သိမ်းပိုက်နိုင်လိမ့်မည်ဟု ခန့်မှန်းထားကြသည်” ဟု ဆိုသည်။
အမည်မဖော်လိုသူ အဆိုပါအရာရှိများက ထရန့်အစိုးရအနေဖြင့် ကနေဒါကို ကျူးကျော်ရန် အမိန့်ပေးလိမ့်မည်ဟု မထင်သော်လည်း၊ ပုံမှန်စစ်ပွဲ (Conventional attack) ကို ပြန်လည်ခုခံရန်အတွက် ကနေဒါတွင် လုံလောက်သော စစ်သည်အင်အား သို့မဟုတ် အဆင့်မြင့်စစ်လက်နက်ကိရိယာများ မရှိကြောင်း ဝန်ခံခဲ့ကြသည်ဟု The Globe and Mail သတင်းစာက ဖော်ပြထားသည်။
“ပုံမှန်မဟုတ်သော စစ်ဆင်ရေး (Unconventional warfare) တွင် အင်အားနည်းသော လက်နက်ကိုင်အဖွဲ့များ သို့မဟုတ် လက်နက်ကိုင် အရပ်သားများက ခြုံခိုတိုက်ခိုက်ခြင်း၊ ဖျက်ဆီးရေးလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ ဒရုန်းစစ်ဆင်ရေး သို့မဟုတ် ပျောက်ကြားစစ်ဗျူဟာများကို အသုံးပြုရန် စစ်တပ်က စိတ်ကူးထားသည်” ဟု သတင်းစာက ဆိုသည်။
“အရာရှိတစ်ဦး၏ ပြောကြားချက်အရ ယင်းပုံစံငယ်တွင် ၁၉၇၉ မှ ၁၉၈၉ ခုနှစ်အထိ ဖြစ်ပွားခဲ့သော ဆိုဗီယက်-အာဖဂန်စစ်ပွဲအတွင်း ဆိုဗီယက်စစ်သားများကို အာဖဂန် မူဂျာဟစ်ဒင်များက ပျောက်ကြားစစ်ဖြင့် တိုက်ခိုက်ခဲ့သည့် နည်းဗျူဟာများ ပါဝင်သည်” ဟု သိရသည်။
“ယင်းနည်းဗျူဟာများသည် ကနေဒါပါဝင်သော အမေရိကန်နှင့် မဟာမိတ်တပ်ဖွဲ့များကို တာလီဘန်တို့က အနှစ် ၂၀ ကြာ တိုက်ခိုက်ခဲ့စဉ်က အသုံးပြုခဲ့သည့် နည်းဗျူဟာများပင် ဖြစ်သည်” ဟု အဆိုပါ သတင်းတွင် ထပ်လောင်းဖော်ပြထားသည်။
“၂၀၀၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း အာဖဂန်နစ္စတန်တွင် သေဆုံးခဲ့သည့် ကနေဒါစစ်သား ၁၅၈ ဦးအနက် အများစုမှာ လက်လုပ်မိုင်း (IED) များကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်” ဟု ဆိုသည်။
စစ်မှုမထမ်းမနေရစနစ်ကို လောလောဆယ်တွင် ထည့်သွင်းစဉ်းစားခြင်းမရှိသော်လည်း၊ အမေရိကန်၏ သိမ်းပိုက်မှုကို ခုခံရန်အတွက် အင်အား ၄၀၀,၀၀၀ ကျော်ရှိမည့် စေတနာ့ဝန်ထမ်း အရံတပ်ဖွဲ့ကို ဖွဲ့စည်းရန် အစီအစဉ်ရှိကြောင်း ကာကွယ်ရေးဦးစီးချုပ် ဂျန်နီ ကာရစ်နန်က ကြေညာထားသည်။ ထို့ပြင် စစ်ရေးစီမံချက်ရေးဆွဲသူများသည် ဖြစ်လာနိုင်ခြေရှိသော ကျူးကျော်မှုအတွက် ထင်ရှားသည့် လက္ခဏာရပ်များကိုလည်း သတ်မှတ်ထားသည်။
“အမေရိကန်နှင့် ကနေဒါနှစ်နိုင်ငံကြား မြောက်အမေရိက လေကြောင်းကာကွယ်ရေးဌာန (NORAD) ရှိ မိတ်ဖက်အဖြစ် ဆောင်ရွက်မှုများ ရပ်စဲသွားခြင်းနှင့် အမေရိကန်က ကနေဒါကို အင်အားသုံးသိမ်းပိုက်ရန် အမိန့်အသစ်များ ထုတ်ပြန်ခြင်း စသည့် ထင်ရှားသော လက္ခဏာများ ပြသပြီးနောက်တွင်မှ အမေရိကန်၏ တိုက်ခိုက်မှု စတင်လာနိုင်သည်ဟု စစ်ရေးစီမံချက် ရေးဆွဲသူများက ယူဆထားကြသည်” ဟု The Globe and Mail က ဖော်ပြသည်။
“ကုန်းကြောင်းနှင့် ရေကြောင်း ကျူးကျော်မှုများအတွက် ပြင်ဆင်ရန် ကနေဒါတွင် အချိန် အများဆုံး သုံးလသာ ရလိမ့်မည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားသည်” ဟု အဆိုပါသတင်းတွင် ပါရှိသည်။
“ကျူးကျော်ရန် အမိန့်ပေးလိုက်ပြီဆိုသည့် ပထမဆုံး အရိပ်အယောင်မှာ ကနေဒါသည် အမေရိကန်နှင့် လေကြောင်းပိုင်နက် မျှဝေသုံးစွဲမှု မူဝါဒ မရှိတော့ကြောင်း အမေရိကန်စစ်တပ်၏ သတိပေးချက်များမှတစ်ဆင့် သိရှိနိုင်လိမ့်မည်ဖြစ်ကြောင်း အဆိုပါသတင်းမြစ်က ဆိုသည်” ဟု ဖော်ပြထားသည်။
