တရုတ်အနေနှင့် အိမ်နီးချင်းနိုင်ငံများအပေါ် ကောင်းသည်ဟု နိုင်ငံတကာပြည်သူများက ယူဆကြောင်း တရုတ်သံရုံးက ကြွားလုံးထုတ်သည်။
တရုတ်အစိုးရအာဘော် Global Times သတင်းဌာနက စစ်တမ်းကောက်ယူရာတွင် စစ်တမ်းဖြေဆို သည့် နိုင်ငံတကာပြည်သူ လေးပုံသုံးပုံကျော်က တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဆိုင်ရာမူဝါဒကို ကောင်းမွန်သည်ဟု ဖြေဆိုကြကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ဖော်ပြခဲ့ရာ ယင်းပို့စ် အောက်တွင် မြန်မာပြည်သူ၁၅၀ကျော်တို့က ဟားတိုက်ရှုတ်ချခဲ့ကြသည်။
မြန်မာပြည်သူတစ်ဦးက “မြန်မာမှာရော တစ်ဦးချင်းစီမေးပြီး စစ်တမ်းကောက်ကြည့်ပါလား၊ ဟုတ်ပါ လားလို့။အိမ်နီးနားချင်းနိုင်ငံငယ်တွေကို လက်ဝါးကြီးအုပ် ကြီးစိုးနေတာက ပိုမှန်မှာပါ”ဟု comment ရေးသားထားသည်။
တရုတ်နိုင်ငံ၏ လုံခြုံရေးနှင့် တည်ငြိမ်မှုသည် အိမ်နီးချင်းနိုင်ငံများ၏ လုံခြုံရေးနှင့် တည်ငြိမ်မှုကို အထောက်အကူပြုကြောင်း တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အိမ်နီးချင်းနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးကြောင်း စစ်တမ်း ဖြေဆိုသူတို့က အကဲဖြတ်ကြသည်ဟုလည်း ဖော်ပြသည်။
“တရုတ်မီဒီယာတွေက တရုတ်နိုင်ငံထဲ ရောက်နေတဲ့ သူတို့နဲ့ မကင်းရာမကင်းကြောင်းလူတွေကို စစ် တမ်းကောက်လေ့ရှိတယ်။တရုတ်မှာ လာပညာသင်နေတဲ့သူတွေ၊ စီးပွားရေးလာလုပ်နေတဲ့ နိုင်ငံတ ကာကလူတွေ၊ အစိုးရနဲ့ သက်ဆိုင်တဲ့အလုပ်လာလုပ်နေတဲ့သူတွေပေါ့။အဲလိုလူတွေဆီကနေ စစ်တမ်းကောက်တော့ အကောင်းကြီး ပြောကြတာပေါ့။တရုတ်ကလည်း သူတို့လိုချင်တဲ့ အဖြေ ရနိုင် တဲ့သူတွေဆီကိုပဲ ရွေးမေးတတ်ပါတယ်။ကျနော် တရုတ်မှာနေခဲ့တုန်းကလည်း အဲလိုလာမေးတာရှိ တယ်”ဟု တရုတ်နိုင်ငံတွင် ပညာတော်သင်အဖြစ် ကျောင်းတက်ခဲ့ဖူးတစ်ဦးက MPAသို့ပြောသည်။
တရုတ်နှင့် အိမ်နီးချင်းနိုင်ငံတို့သည် ပထဝီတည်နေရာနီးကပ်မှုကြောင့် ပိုမိုနီးစပ်သည့် ဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ပေါ်လာစေသည် ဟု ယုံကြည်ကြကြောင်းလည်း တရုတ်သံရုံးက ဖော်ပြထားသေးသည်။
အမေရိကန်နှင့် တရုတ် မည်သည့်နိုင်ငံက ပိုကောင်းသလဲဆိုသည့် မေးခွန်းကို Global Times က ၂၀၂၅ခုနှစ်အတွင်း နိုင်ငံတကာပြည်သူများထံ စစ်တမ်းကောက်ယူခဲ့ရာ တရုတ်နိုင်ငံအား ပိုကောင်း သည်ဟုယူဆသူ တစ်ဆခွဲပိုများကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ဇန်နဝါရီ၇ရက်တွင် ထုတ်ပြန်ထားသေးသည်။
