ဖြူးမြို့ပေါ်ထိ တော်လှန်ရေးအင်အားစုများ အင်အားကောင်းလာသဖြင့် စစ်ကော်မရှင် ဝန်ထမ်းများ ကျီးလန့်စာစားဖြစ်နေ

ဓာတ်ပုံ-လူမှုကွန်ရက်

ပဲခူးတိုင်း၊ ဖြူးမြို့ပေါ်အထိ တော်လှန်ရေးအင်အားစုများ၏ လှုပ်ရှားမှုများ အားကောင်းလာရာ စစ်ကော်မရှင်လက်အောက်ခံ ဝန်ထမ်းများ ကျီးလန့်စာစား ထိတ်လန့်လျက်ရှိကြောင်း အဆိုပါ ဝန်ထမ်းအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲမတိုင်မီ ရက်များအတွင်း တော်လှန်ရေးအင်အားစုများက ဖြူးမြို့ပေါ်အထိ စစ်ရေးလှုပ်ရှားမည့် သတင်းများကြောင့် Non-CDM ဝန်ထမ်းများ ထိတ်လန့်နေကြခြင်း ဖြစ်သည်။

“သူတို့ (တော်လှန်ရေးအင်အားစုများ) က မြို့နားထိ ရောက်လာနေကြပြီ။ ညောင်ပင်သာဘက် တစ်ကြောဆို သွားလို့ လာလို့ မကောင်းတော့ဘူး။ မြို့ပေါ်တောင် နေရတာ သတိထား သွားလာနေရတယ်” ဟု ဖြူးမြို့ပေါ်၌ နေထိုင်သည့် Non-CDM ဝန်ထမ်းတစ်ဦးက ပြောသည်။

အတုအယောင် ရွေးကောက်ပွဲမတိုင်မီ ဇန်နဝါရီ ၂၃ ရက်ကလည်း ဖြူးမြို့ပေါ်၌ ဗုံးလန့်မှုအချို့ ဖြစ်ပေါ်ခဲ့ပြီး ရွေးကောက်ပွဲနေ့ဖြစ်သည့် ဇန်နဝါရီ ၂၅ ရက်တွင်လည်း မြို့ပေါ်နေရာ သုံးခုထက်မနည်း၌ ဒရုန်းဗုံးများဖြင့် တိုက်ခိုက်မှုများ ရှိခဲ့သည်ဟု မြို့ခံများက ပြောသည်။

“၂၃ ရက်နေ့ကလည်း ဗုံးပေါက်တယ်။ အသံဗုံးတွေပါ။ ရွေးကောက်ပွဲနေ့ကလည်း ဈေးရှေ့၊ ရဲစခန်းရှေ့တွေမှာ ဒရုန်းနဲ့ လာကြဲကြတယ်။ လူတွေတော့ မထိဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲ တစ်ရက်လုံး မြို့ကတော့ တိတ်ဆိတ်သွားတော့တာပဲ” ဟု အသက် ၆၀ ကျော်အရွယ် ဖြူးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းသို့ တော်လှန်ရေးအင်အားစုများ အင်အားကောင်းလာခြင်းကို စစ်ကော်မရှင်ဘက်က ပုံဖျက်ရန် ကြိုးစားနေပြီး ၎င်းတို့၏ Non-CDM ဝန်ထမ်းများအား ထိတ်လန့်စေရန် သတင်းအမှားများ လွှင့်လျက်ရှိနေသည်ကို တွေ့ရသည်။

“မဲပေးရင် PDF တွေ လာသတ်မယ်ဆိုပြီး ကျွန်မတို့ ဝန်ထမ်းတွေကြားမှာ သတင်းတွေ ပြန့်နေတာပဲ။ တကယ်စုံစမ်းတော့ သေချာတဲ့ သတင်းတော့ မကြားမိပြန်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့က ကြောက်တယ်။ ဘာမှန်းမသိဘူး အခြေအနေတွေက” ဟု Non-CDM စာရင်းကိုင် ဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။

လတ်တလောတွင် စစ်ကော်မရှင်ဘက်က သတင်းအမှား ဖြန့်ဝေမှုများနှင့် ဖြူးမြို့ပေါ်အထိ ရောက်ရှိလာသည့် တော်လှန်ရေးအင်အားစုများ၏ လှုပ်ရှားမှုများကြောင့် မြို့ခံအချို့မှာလည်း စိုးရိမ်မှုများ ရှိလာသဖြင့် ရန်ကုန်အပါအဝင် ဆွေမျိုးများရှိရာ ဒေသများသို့ ယာယီပြောင်းရွှေ့နေထိုင်ခြင်းများ ရှိလာသည်ဟု သိရသည်။