ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ (၁၄) ရက်ကြာ ငြိမ်သက်တိတ်ဆိတ်ခြင်းဖြင့် မိမိကိုယ်ကို ထိန်းကျောင်းသည့် လှုပ်ရှားမှု စတင်ပြီးနောက်၊ မဟာချိုင်ရှိ နာမည်ကျော် ဘုရားပွဲတော်များနှင့် စျေးတန်းများ၌ ခြောက်ကပ်သွားကြောင်း AAC ရဲမင်းက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ၌ ဖော်ပြထားသည်။
ပုံမှန်အားဖြင့် မြန်မာအလုပ်သမား ထောင်နှင့်ချီ၍ ကြိတ်ကြိတ်တိုး စည်ကားလေ့ရှိသော စာမွတ်ဆာခွန်ခရိုင်ရှိ နာခွတ်ဘုရားပွဲသည် ယခုနှစ်တွင် အိမ်ရှင်ထိုင်းလူမျိုး အနည်းငယ်ကိုသာ တွေ့ရပြီး မြန်မာအလုပ်သမားများကို လုံးဝမတွေ့ရတော့ကြောင်း ၎င်းက ဆိုသည်။
အလားတူပင် မြန်မာများအဓိက အားပေးရာ ထိုင်းယူနစ် (Thai Unit) ဈေးတန်း များတွင်လည်း ဆိုင်ခန်းများသာရှိပြီး ဝယ်ယူသူမရှိသလောက် နည်းပါးသွားသည့်အတွက် ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်နေကြောင်း သိရသည်။
အဆိုပါ နှစ်ပတ်တာ လှုပ်ရှားမှု အစီအစဉ်သည် အာဏာပိုင်များ၏ အဖမ်းအဆီး စစ်ဆေးမှုများ ပြင်းထန်နေချိန်တွင် မလိုလားအပ်သည့် အန္တရာယ်များကို ရှောင်ရှားရန်နှင့် မိမိတို့၏ ဘေးကင်းလုံခြုံရေးအတွက် တညီတညွတ်တည်း ဆောင်ရွက်နေကြခြင်းဖြစ်သည်။
ဤသည်မှာ ဆန္ဒပြခြင်းမဟုတ်ဘဲ အဖိနှိပ်ခံရသည့် ကာလအတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုကြောင်းနှင့် မိမိတို့၏ လူမှုတန်ဖိုးကို ငြိမ်သက်ခြင်းဖြင့် ဖော်ထုတ်ပြသခြင်း ဖြစ်ကြောင်း သိရသည်။
အလုပ်သမားများအနေဖြင့် အလုပ်နှင့် ကျောင်းကဲ့သို့သော မဖြစ်မနေကိစ္စများမှလွဲ၍ ကျန်အချိန်များတွင် အိမ်ထဲ၌သာ နေထိုင်ကြပြီး၊ အပျော်အပါး၊ အသောက်အစားနှင့် ဆူညံမှုမှန်သမျှကို အချင်းချင်း ထိန်းကျောင်းကာ ဆင်ခြင်နေကြခြင်းဖြစ်သည်။
လက်ရှိတွင် (၁၄) ရက်တာ ကာလအတွင်း အချင်းချင်း ဝိုင်းဝန်းသတိပေးကြရန်နှင့် စည်းကမ်းဖောက်ဖျက်ကာ အပြင်ထွက် သွားလာသူများအနေဖြင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ ပြဿနာများကို မိမိဘာသာ တာဝန်ယူရမည်ဖြစ်ကြောင်း အလုပ်သမားထုအတွင်း နှိုးဆော်လျက်ရှိသည်။
