ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် စစ်ကော်မရှင်လက်အောက်ခံတပ်များက တပ်သားသစ် စုဆောင်းမှုများ ပြုလုပ်နေသောကြောင့် ဒေသခံများ စိုးရိမ်ကြောက်လန့်နေရကြောင်း စုံစမ်းသိရှိရသည်။
စစ်ကော်မရှင်တပ်များသည် ၎င်းတို့ကျင်းပခဲ့သည့် အတုအယောင်ရွေးကောက်ပွဲတွင် မဲမပေးသည့် လူငယ်များကို လိုက်လံစစ်ဆေးနေပြီး၊ စစ်တပ်အတွင်း တာဝန်ထမ်းဆောင်ရမည်ဟုဆိုကာ ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
“အခုလောလောဆယ်တော့ အဲဒီလိုပြောနေကြတယ်။ ကျမတို့ရပ်ကွက်ထဲတော့ မရောက်သေးဘူး။ ဒါပေမဲ့ သူတို့ (စစ်တပ်) ထိန်းချုပ်ထားတဲ့မြို့ဆိုတော့ ကောက်မှာပဲလေ။ လူငယ်တွေအနေနဲ့ အသွားအလာ သတိထားရမယ်။ အဖမ်းအဆီးတွေလည်း ရှိလာနိုင်တယ်” ဟု လားရှိုးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်နေ့မှစတင်ကာ စစ်ကော်မရှင်တပ်များသည် ရပ်ကွက်အလိုက်ရှိ အုပ်ချုပ်ရေးမှူးများထံမှ လူဦးရေစာရင်းနှင့် အိမ်ထောင်စုစာရင်းများကို လိုက်လံစုဆောင်းနေကြောင်း ၎င်းက ဆက်ပြောသည်။
“ကျတော့်အမြင်တော့ သူတို့ (စစ်တပ်) ဝင်လာကတည်းက ဒီလိုကိစ္စမျိုး ကြုံလာရမှာပဲ။ သူတို့တင်မဟုတ်ပါဘူး၊ အဖွဲ့တိုင်းက အဲဒီလိုလုပ်နေကြတာပဲ။ ဘယ်အဖွဲ့ပဲအုပ်ချုပ်နေနေ လူထုကတော့ နစ်နာတဲ့ဘက်က ပါပြီးသားပါ။ သူတို့စဝင်လာတုန်းကတော့ စစ်မှုထမ်းရမယ်လို့ ဘယ်သူက ကြေညာမှာလဲ။ သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရား အဆင်ပြေသွားပြီဆိုမှ ကြေညာတာမျိုးပါ။ နောက်တစ်ခုက ရွေးကောက်ပွဲမှာ မဲပေးသူနည်းခဲ့လို့ ခြိမ်းခြောက်နေတာလည်း ရှိတယ်။ စစ်တပ်ထဲမသွားချင်ရင် ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းမယ်၊ ထောင်ချမယ်၊ ဒါပါပဲ” ဟု လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
စစ်ကော်မရှင်တပ်၏ လူသစ်စုဆောင်းမှုကြောင့် လူငယ်အချို့မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းလည်း သိရသည်။ လက်ရှိ လားရှိုးမြို့အတွင်းတွင် စစ်ဆေးမှုများ တင်းကျပ်နေသဖြင့် မိဘပြည်သူများအနေဖြင့် သွားလာရေးကို အထူးသတိဝိရိယထားကြရန် ဒေသခံများက တိုက်တွန်းနေကြသည်။
“စစ်မှုထမ်းတဲ့ကိစ္စက လူတိုင်းမကင်းလွတ်နိုင်ဘူးဆိုတာ နားလည်ပါတယ်။ ရှောင်နိုင်တဲ့သူက လွတ်မယ်၊ ရှောင်လို့မရတဲ့သူကတော့ ဒီဖြစ်ရပ်မျိုး ကြုံရနိုင်တယ်။ ပြီးတော့ စစ်တပ်ကလူတွေက အရပ်ဝတ်နဲ့နေတာ များတယ်။ ဒီကနယ်ခံမဟုတ်ရင် ဘယ်သူလဲဆိုတာ ခန့်မှန်းရခက်ပါတယ်။ မတော်တဆ လမ်းမှာလည်း ဆွဲခေါ်ခံရနိုင်တယ်။ မြို့ထဲဝင်လာတဲ့ ခရီးသည်တွေကိုလည်း ဘယ်ရပ်ကွက်ကလဲဆိုတာမျိုး စစ်ဆေးမေးမြန်းတာတွေ ရှိတယ်လို့ ကြားရတယ်။ ဒါကြောင့် အထူးဂရုစိုက်ကြပါ” ဟု နောက်ထပ် မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။
လားရှိုးမြို့သည် ၂၀၂၄ ခုနှစ်၊ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ကိုးကန့်တပ် (MNDAA) တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော်လည်း၊ တရုတ်အစိုးရ၏ ဖိအားပေးမှုကြောင့် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် စစ်ကော်မရှင်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ရခြင်း ဖြစ်ပါသည်။
အလားတူ စစ်ကော်မရှင်တပ်သည် လားရှိုးမြို့အပြင် သီပေါ၊ ကျောက်မဲနှင့် နောင်ချိုမြို့ဘက်များတွင်လည်း တပ်သားသစ်စုဆောင်းမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
