မကွေးတိုင်း ၊ ချောက်မြို့နယ်တွင် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့အချို့ကို လိုင်းကြေးပေးကာ လောင်းကစားဝိုင်းများ ပြုလုပ်နေကြကြောင်း သိရသည်။
ချောက်မြို့နယ်အတွင်းရှိ ကျေးရွာ ၂၀ ခန့်တွင် အများဆုံး သိန်း ထောင်ဂဏန်းထိ ကြေးရှိသည့် ကြက်ဝိုင်း ၊ ဂျင်ဝိုင်း ၊ ဖဲဝိုင်းနှင့် ခြောက်ကောင်ဝိုင်းများကို နေ့စဉ် အလှည့်ကျ ပြုလုပ်နေကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
“ရွာ၂၀လောက်မှာ အလှည့်ကျလုပ်နေကြတာပါ။ နေ့စဥ်ပါပဲ အလှည့်ကျလုပ်နေကြတာပါ။ ထိုးကြေးက သိန်းရာဂဏန်းကနေ ထောင်ဂဏန်းအထိရှိတာပါ။ လုပ်နေကြတာတော့ကြာပါပြီ။ အခု လပိုင်းတွေမှ ပိုပြီးတွင်တွင်ကျယ်ကျယ်စီးပွားဖြစ်လုပ်လာကြတာပါ။ နီးစပ်ရာ PDF ကို အခွန်ပေးပြီး လုပ် နေကြတာမျိုးပါ။ ဘယ်လောက်ပေးတယ်လို့တော့ မသိပါဘူး။ အကောက်ရတဲ့အပေါ် မူတည်ပြီးပေးကြရတာလို့ သိရပါတယ်”ဟု ၎င်းက MPA သို့ပြောသည်။
လောင်းကစားဝိုင်းများကို နေရာတစ်ခုတည်းတွင်သာ စုစည်းလုပ်ကြခြင်းဖြစ်ကြောင်း သိရသည်။
“၂၁ ရက်နေ့ကလည်း ဝန်လိုရွာဝိုင်း(လောင်းကစားဝိုင်း)ကို တပ်ရင်း ၁ ၊ ၂ ၊ ၃ ပူးပေါင်းပြီး ဖမ်းဆီးထားတာမျိုးရှိပါတယ်။ ဒိုင်တွေကိုတော့ မမိလိုက်ပါဘူး။ ထိုးသား ၃၀ ကျော်တော့ဖမ်းမိလိုက်ပါတယ်။ နောက်မလုပ်ဖို့သတိပေးပြီးပြန်လွှတ်ပေးခဲ့ပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းသို့ သတိပေးထားသော်လည်း အခြားရွာများတွင် လောင်းကစားဝိုင်းများ ရွှေ့ပြောင်းပြုလုပ်နေခြင်းများရှိကြောင်း ၎င်းကပြောသည်။
မကွေးခရိုင် အမှတ်တစ် တပ်ရင်းနှင့် အမှတ် ၃ တပ်ရင်းတို့က ပြည်သူများ လောင်းကစားမပြုလုပ်ကြရန် ၊ တွေ့ရှိပါကလည်း တပ်ရင်းများကို သတင်းပေးတိုင်ကြားကြရန်နှင့် ယင်းလောင်းကစားဝိုင်းများကို ဖမ်းဆီးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသေးသည်။
လောင်းကစားဝိုင်းများကို အရေးယူမည့် အခြေအနေနှင့် ပတ်သက်၍ “ဒါတွေကတော့ ကြိုပြော လို့မရပါဘူး။ အခြေနေအရ အရေးယူမှာပါ။ ထိထိရောက်ရောက်အရေးယူဖို့ထိရှိပါတယ်”ဟု ၎င်းကပြောသည်။
လောင်းကစားပြုလုပ်ခြင်းမှတစ်ဆင့် ခိုးမှု ၊ လုယက်မှု ၊ ဖောက်ထွင်းမှု ၊ ဓားပြမှု ၊ မူးယစ်ဆေးဝါးမှု စသည့် နောက်ဆက်တွဲ အမှုအခင်းအချို့ ရှိနေပြီ ဖြစ်ကြောင်းလည်း မကွေးခရိုင် အမှတ်တစ် တပ်ရင်းနှင့် အမှတ် ၃ တပ်ရင်းတို့က ထုတ်ပြန်ထားသည်။
