မြန်မာစစ်တပ်၏ စီးပွားရေးနှင့် ဝါဒဖြန့်ချိရေး အကောင့်ပေါင်း ၂၇၀ကို Facebook က ဖယ်ရှားလိုက်ကြောင်းသိရသည်။
Facebook က စစ်အုပ်စု၏ လူမှုကွန်ရက်စာမျက်နှာများ၊ ဂရုဖ်များနှင့် ပရိုဖိုင်းအကောင့် စုစုပေါင်း ၂၇၀ ခုကို ဖယ်ရှားလိုက်ခြင်းသည် ၎င်း၏ မိခင်ကုမ္ပဏီ Meta က ၂၀၂၁ ခုနှစ်တွင် စတင်အကောင်အ ထည်ဖော်ခဲ့သည့် စစ်တပ်ထိန်းချုပ် စီးပွားရေးလုပ်ငန်းများနှင့် မီဒီယာများအား ပိတ်ပင်သည့်မူဝါဒနှင့် အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း Justice For Myanmar က သတင်းထုတ်ပြန်သည်။
” ဝါဒမှိုင်းဖြန့်ချိရေးက စစ်အုပ်စုရဲ့ အကြမ်းဖက်စစ်ဆင်ရေးမှာ ထောက်တိုင်တစ်ခုဖြစ်ပြီး၊ နည်းပညာ ကုမ္ပဏီကြီးတွေကြောင့် စစ်အုပ်စုက ဝါဒဖြန်ချိရေးတွေ ဆက်လက်ဖြန့်ဖြူးနိုင်တာဖြစ်ပါတယ်။လူ သားမျိုးနွယ်အပေါ် အဆိုးရွားဆုံးရာဇဝတ်မှုတွေကို အပြစ်ပေးအရေးယူခံရခြင်းမရှိဘဲ ကျူးလွန်နေ တဲ့ ရာဇဝတ်စစ်အုပ်စုကို နည်းပညာကုမ္ပဏီတွေက သူတို့ပလက်ဖောင်းတွေ၊ ထုတ်ကုန်တွေနဲ့ ဝန် ဆောင်မှုတွေ ဆက်လက်ပေးအပ်နေတယ်ဆိုတာက လက်ခံနိုင်ဖွယ်မရှိပါဘူး” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။
ဖယ်ရှားလိုက်သည့်အကောင့်အများစုသည် မိုင်တဲလ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ရောင်းချနေသည့်အကောင့်များဖြစ်ပြီး၊ ကျန်အကောင့်များမှာ စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးများ ဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တို့၏ ကုမ္ပဏီခွဲများ၊ လုပ်ငန်းအမှတ်တံဆိပ်များနှင့်ဆက်စပ်အကောင့်များ ဖြစ်ကာ ယင်းတို့တွင် တယ်လီကွန်းကွန်ရက် MECtel၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်၊ ဆင်မင်းဘိလပ်မြေ၊ မြန်မာဘီယာနှင့် ဒဂုန်ဘီယာအမှတ်တံဆိပ်များ၊ နန်းမြိုင်ကဖီးနှင့် Indoor Skydiving တို့နှင့်ဆက်စပ်အကောင့်များ လည်း ပါဝင်ကြောင်း သိရသည်။
Facebook သည် စစ်တပ်ဝါဒဖြန့်အကောင့်များဖြစ်သည့် a Light for Justice 3၊ News Service Station နှင့် Myanmar Information Community တို့ကိုလည်း ဖယ်ရှားခဲ့သည်။
ယင်းအကောင့်များသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှု များကို ပြစ်ဒဏ်ခံရခြင်းကင်းလွတ်စွာဖြင့် ကျူးလွန်လျက်ရှိသည့် စစ်တပ်ကို ပံ့ပိုးကူညီခဲ့သည့် အကောင့်များ ဖြစ်ကြောင်း Justice For Myanmar ကဆိုသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်တပ်နှင့်ဆက်စပ်အကောင့်များကို ပေးပို့တိုင်ကြားခဲ့ခြင်းဖြစ်ပြီး၊ သတင်းအချက်အလက် မျှဝေပေးသူအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း JFMကပြောသည်။
Alphabet၊ Apple၊ TikTok နှင့် Telegram တို့အနေဖြင့်လည်း မြန်မာစစ်တပ်၏ စီးပွားရေးလုပ်ငန်း များနှင့် ဝါဒဖြန့်ချိရေးအကောင့်များကို ယခုချက်ချင်း ပိတ်ပင်ရန် JFM ကတောင်းဆိုထားသည်။
