ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ ယမန်နေ့က အလယ်တန်းကျောင်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားရာမှ ကျောင်းသားတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
အဆိုပါဖြစ်စဉ်မှာ ဇန်နဝါရီ ၂၇ ရက် နံနက် ၁၁ နာရီကျော်က ရွှေပြည်သာမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“မုန့်စားကျောင်းဆင်းချိန်မှာ ဖြစ်တာပါ။ Grade 8 က ကျောင်းသားက Grade 7 က ကျောင်းသားကို ထိုးတာ။ ခံရတဲ့ကလေးက နှလုံးရောဂါအခံရှိတော့ တစ်ချက်ပဲ ထိုးရသေးတယ်၊ အဲဒီရောဂါအခံနဲ့ပဲ အသက်ရှူကျပ်ပြီး ဆုံးသွားတာပါ” ဟု အဆိုပါဖြစ်စဉ်ကို သိရှိသည့် ရွှေပြည်သာမြို့ခံတစ်ဦးက ပြောကြားသည်။
သေဆုံးခဲ့ရသည့် ကျောင်းသားမှာ Grade 7 တက်ရောက်နေသူဖြစ်ပြီး နှလုံးရောဂါအခံရှိသည်ဟု ဆိုသော်လည်း တိကျသည့် ဆေးစစ်ချက်ရလဒ်များမှာမူ ယခုထက်တိုင် ထွက်ပေါ်လာခြင်းမရှိသေးပေ။
အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးနောက် ကျောင်းတာဝန်ရှိသူများဘက်က ဖြစ်စဉ်အမှန်ကို ဖုံးဖိထားရန် ကြိုးပမ်းခဲ့ကြကြောင်း သိရသည်။
“သိရသလောက်တော့ ကျောင်းနဲ့ ကလေးအသိုင်းအဝိုင်းက ဖုံးဖိထားသလိုပဲ၊ ဒါပေမဲ့ အခုတော့ ဗီဒီယိုမှတ်တမ်းတွေ ထွက်လာပြီဆိုတော့ ဖုံးလို့မရတော့ဘူး ထင်တယ်” ဟု Shwe Pyithar Information က MPA သို့ ပြောကြားသည်။ လက်ရှိတွင် ကျူးလွန်သူ Grade 8 ကျောင်းသားအား ဖမ်းဆီးထားပြီး သက်ဆိုင်ရာရဲစခန်း၌ ချုပ်နှောင်ထားကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် အခြေခံပညာကျောင်းများတွင် ကျောင်းတွင်းရန်ပွဲများ ပိုမိုဖြစ်ပွားလာပြီး ကျောင်းတာဝန်ရှိသူများ၏ စီမံခန့်ခွဲမှုနှင့် လုံခြုံရေးအပိုင်းအပေါ် ပြည်သူအများက မေးခွန်းထုတ် ဝေဖန်မှုများ ပြင်းပြင်းထန်ထန် ပေါ်ပေါက်လျက်ရှိသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လာသည့် ဗီဒီယိုမှတ်တမ်းများအရ ကျောင်းသားအချင်းချင်း ဝိုင်းဝန်းထိုးကြိတ်နေကြစဉ် ဆရာ၊ ဆရာမများ သို့မဟုတ် ကျောင်းလုံခြုံရေးတာဝန်ရှိသူများက အချိန်မီ တားဆီးပေးနိုင်ခြင်းမရှိသည်ကို တွေ့မြင်ရသည်။
ယင်းအချက်သည် ကျောင်းသားများ၏ ဘေးကင်းလုံခြုံရေးအတွက် ကျောင်းအာဏာပိုင်များ၏ တာဝန်ယူမှု၊ တာဝန်ခံမှုအပေါ် များစွာအားနည်းနေကြောင်း ပြသနေပြီး မိဘပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှုများ ပိုမိုကြီးထွားလာစေခဲ့သည်။
ထို့ပြင် သေဆုံးသူကလေးငယ်တွင် ရောဂါအခံရှိသည်ဆိုသည့်အချက်ကို အကြောင်းပြကာ ရိုးရိုးသားသား အမောဖောက်သေဆုံးခြင်းဖြစ်ကြောင်း သတင်းလွှင့်ခဲ့ခြင်းမှာ ကျူးလွန်သူကို အကာအကွယ်ပေးရန်နှင့် ကျောင်း၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် ကြိုးပမ်းမှုသာဖြစ်သည်ဟု နစ်နာသူမိသားစုဝင်အချို့နှင့် မြို့ခံများက ယူဆနေကြသည်။
အမှန်တကယ်တွင် ရောဂါအခံရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကျောင်းတွင်းအကြမ်းဖက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သဖြင့် တရားမျှတသည့် စုံစမ်းစစ်ဆေးမှုများ လိုအပ်နေကြောင်း တက်ကြွလှုပ်ရှားသူများက ထောက်ပြကြသည်။
ယခုကဲ့သို့ ကျောင်းသားအရွယ် ကလေးငယ်များအကြား အကြမ်းဖက်လိုစိတ် ပြင်းထန်လာခြင်းမှာ လက်ရှိမြန်မာနိုင်ငံ၏ မတည်ငြိမ်သော နိုင်ငံရေးအခြေအနေနှင့် လူမှုပတ်ဝန်းကျင်အတွင်း အကြမ်းဖက်မှုများကို နေ့စဉ်နှင့်အမျှ မြင်တွေ့နေရခြင်းကြောင့်ဖြစ်နိုင်ကြောင်း စိတ်ပညာရှင်အချို့က သုံးသပ်ကြသည်။
