ရန်ကုန်မြို့၏ တရားဥပဒေစိုးမိုးရေး ပျက်ပြားနေမှုမှာ နယ်စပ်မြို့များထက်ပင် ဆိုးရွားနေပြီဖြစ် ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် မြဝတီ၊ဘုရားသုံးဆူ စသည့်နယ်စပ်မြို့များကဲ့သို့ ကျားဖြန့်လုပ်ငန်း ထုနှင့်ထည်နှင့် မရှိခဲ့သည်မှလွဲ၍ ကျန်အရာအားလုံးမှာ ရန်ကုန်မြို့၌ ပိုမိုဆိုးရွားနေကြောင်း ရန်ကုန်မြို့ရဲသတင်းရင်း မြစ်ထံက သိရသည်။
“အရင်က ကျားဖြန့်ပေါ့။နယ်စပ်မြို့တွေမှာ ပေါ်တင်ရှိတယ်။အခုတော့ ခဏမရှိတော့တာပေါ့ နော်။ နယ်စပ်မှာ သေနတ်ပေါသလို ရန်ကုန်မှာလည်း ပေါနေပြီ။လမ်းပေါ်သွားနေတုန်း စစ်မှုထမ်းအတွက် ပေါ်တာဆွဲတာမျိုး နယ်စပ်မှာတောင် ရန်ကုန်မှာလို မရှိဘူး။ နယ်စပ်မှာ မူးယစ်ဆေးပေါသလို ရန် ကုန်မှာက ပိုတောင်ပေါဦးမယ်။ကျန်တဲ့ ခိုးဆိုးလုယက် ရန်ကုန်က အကုန်သာတယ်”ဟု ၎င်းက MPA သို့ပြော သည်။
ရန်ကုန်တွင် စစ်မှုထမ်းအတွက် ပေါ်တာဆွဲနေသကဲ့သို့ လူဖမ်း၍ ပြန်ပေးဆွဲငွေညှစ်ခြင်းကိုလည်း လက်ရဲဇက်ရဲသမားများက ဗြောင်လုပ်ဆောင်နေကြောင်း သိရသည်။
“ပြန်ပေးဂိုဏ်းတွေက လိုင်းကြေးမပေးထားရင်လည်း ဘယ်ရဲမှ မြင်လည်း မဖမ်းဘူး။ဒါမျိုး ပြန်ပေး ဆွဲတာ နယ်စပ်တွေမှာ မရှိဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။
ရန်ကုန်မြို့တွင် ခါးပိုက်နှိုက်မှု၊ လုယက်မှုနှင့် လိမ်လည်မှုတို့ကို နေ့စဉ် မကြားချင်မှအဆုံး ကြားနေ ရကြောင်း Rangoon Scout Network- RSN ထံက သိရသည်။
“တရားဥပဒေဆိုတာ စာရွက်ပေါ်မှာပဲ ရှိနေပြီး မြေပြင်မှာ ဝရုန်းသုန်းကား ဖြစ်နေတာ ကြာပါပြီဗျ” ဟု RSN တာဝန်ရှိသူက ပြောသည်။
မူးယစ်ဆေးဝါးအရောင်းအဝယ်ကို ရန်ကုန်မြို့ရပ်ကွက်များထဲတွင် ဗြောင်ကျကျလုပ်ဆောင်နေသလို မာဆက်နှင့်လောင်းကစားဝိုင်းတို့လည်း ထူပြောနေကြောင်း သိရသည်။
“ဖမ်းရင်တောင် အပြသဘောလောက်ပါပဲဗျ။စီမံချက်တစ်ခုခုနဲ့ ဖမ်းဖို့လာပြီဆို သူတို့လူ အမာခံတွေ ကို ခဏ ရှောင်ပုန်းခိုင်းတတ်ပါတယ်။ပြီးတာနဲ့ ပုံမှန်ပြန်လည်ပတ်တာပါပဲဗျ”ဟု ၎င်းက ဆက်လက် ပြောသည်။
ရန်ကုန်လူမိုက်များသည် ပျူစောထီးဂိုဏ်းထဲသို့ ဝင်ရောက်ကြပြီး နယ်မြေခံစစ်တပ်များနှင့် တိုက် ရိုက်ချိတ်ဆက် လိုင်းကြေးပေး၍ ရာဇဝတ်မှုမျိုးစုံ ကျူးလွန်ကာ စီးပွားရှာနေကြကြောင်း ရန်ကုန်မြို့ ရဲသတင်းရင်းမြစ်က ဆိုသည်။
