နိုင်ငံတကာတရားရုံး (ICJ) တွင် မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက်ဖြေရှင်းနေမှုကို ထောက်ခံဂုဏ်ပြုသည့်ပွဲတွင် ဦးဌေးအောင် (Orchid) က မြန်မာနိုင်ငံအနေဖြင့် ဗီတိုအာဏာကိုင်ထားသည့် နိုင်ငံကြီးနှစ်ခု၏ မားမားမတ်မတ် ရပ်တည်ပေးမှုကို ရရှိထားသောကြောင့် မည်သူမျှ ကျူးကျော်၍ မရနိုင်ကြောင်းနှင့် အမှုကိုလည်း အနိုင်ရရှိလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့၌ ကျင်းပခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက်ဖြေရှင်းနေမှုကို ထောက်ခံဂုဏ်ပြုသည့်ပွဲတွင် ဦးဌေးအောင် (House of Orchid) က ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ နိုင်ငံက ရဲစခန်းသုံးဆယ်ကို တိုက်ခိုက်တဲ့သူပုန်ကို သွားရောက်ချေမှုန်းတာ။ အဲဒါကြောင့်မို့ လူမျိုးတုံးသတ်ဖြတ်မှု လုံးဝမဟုတ်ပါဘူး။ သောင်းကြမ်းသူကို ကျွန်တော်တို့ တပ်မတော်က ချေမှုန်းတာဖြစ်တယ်ဆိုတာ အတိအလင်းပြောခဲ့တဲ့ သာဓကရှိပါတယ်”ဟု ၎င်းက စစ်ကော်မရှင် ဝါဒဖြန့်မီဒီယာတစ်ခုသို့ ဖြေကြားထားသည်။
ထို့ပြင် ဘာသာရေးခွဲခြားဆက်ဆံမှုများနှင့် ပတ်သက်၍လည်း ၎င်းနှင့်အတူ တပ်မတော်အငြိမ်းစားတစ်ဦး ပါဝင်လာသည်ကို ထောက်ပြကာ အစ္စလာမ်ဘာသာဝင်များအပေါ် တပ်မတော်၏ သဘောထားကို ကြည့်နိုင်ကြောင်း ပြောဆိုခဲ့ပါသည်။
“ဘာသာတွေကို ခွဲခြားဆက်ဆံတာမရှိဘူး။ ကိုယ်က ဘယ်လိုဆက်ဆံလဲပေါ်မှာပဲမူတည်ပါတယ်။ အခုကျွန်တော်နဲ့လာတဲ့အထဲမှာလည်း တပ်မတော်အငြိမ်းစားတစ်ယောက်ပါလာတယ်။ ကျွန်တော်တို့ အစ္စလာမ်တွေအပေါ် ဘယ်လို သဘောထားလဲဆိုတာ ကြည့်နိုင်တယ်။ လူမျိုးတုံး တကယ်သတ်တယ်ဆိုရင် ကျွန်တော်ကိုယ်တိုင်တောင် ဒီကို ရောက်လာမှာမဟုတ်ပါဘူးလို့ ကျွန်တော်က သက်သေပြခဲ့တဲ့လူမျိုးပါ။ တချို့သောနေရာမှာ ကျွန်တော်တို့ကို ဦးစားပေးခြင်းခံရတယ်ဆိုတာ ကျွန်တော့်ကို ကြည့်ရင် သိနိုင်ပါတယ်”ဟု ၎င်းက ပြောသည်။
ဦးဌေးအောင်သည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လအတွင်းက Facebook လူမှုကွန်ရက်ပေါ်တွင် NLD အစိုးရနှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် ဝေဖန်မှုများကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) ဖြင့် အမှုဖွင့်ဖမ်းဆီးခံခဲ့ရဖူးသူ ဖြစ်သည်။
“မျက်နှာက ပြုံးပြုံးနဲ့ စကားလှလှတွေသုံးတတ်တဲ့ ဌေးအောင်အကြောင်း လူတိုင်းသိတာပဲလေ။ အခု စစ်တပ်လက်အောက်မှာတော့ သူတို့ ပြောလို့ ပိုကောင်းသွားတာပေါ့။ သူကိုကြည့်မရတဲ့သူများပါတယ်”ဟု ရန်ကုန်မြို့ လမ်းမတော်မြို့ခံတစ်ဦးက MPA သို့ပြောသည်။
ဦးဌေးအောင်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ထိပ်တိုက်ယှဉ်ပြိုင်ရန် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့သူလည်း ဖြစ်သည်။
NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခြား အထောက်အပံ့တွေ ယူထားသူဟု ဆိုကာ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း စာရင်းက ပယ်ဖျက်ပေးရန် ဦးဌေးအောင်က ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၁၂)ရက်နေ့က လျှောက်ထားခဲ့ပြီး ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချခဲ့ဖူးသည်။
“သူက စစ်တပ်ရဲ့ ဝါဒဖြန့်ယန္တယားမှာ ပါဝင်နေတဲ့ စက်သွားလေးတစ်ခုသာသာ အဆင့်ပဲရှိပါတယ်”ဟု နိုင်ငံရေး လေ့လာသူတစ်ဦးက မှတ်ချက်ပေးသည်။
နိုင်ငံတကာတရားရုံး (ICJ) တွင် မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက်ဖြေရှင်းနေမှုကို ထောက်ခံဂုဏ်ပြုသည့်ပွဲတွင် အမျိုးသားရေးတက်ကြွလှုပ်ရှားသူများနှင့် သံဃာတော်အချို့ တက်ရောက်ခဲ့ကြပြီး မဘသဘုန်းကြီး အရှင်သုစိတ္တ၊ ဝင်းကိုကိုလတ်နှင့် ထိန်လင်းတို့က ဦးဆောင်ဟောပြောခဲ့ကြသည်။
