မြဝတီတောင်ပိုင်းရှိ လက်လွှတ်ခဲ့ရသည့် နယ်မြေများ ပြန်ရရှိရေး စစ်ကော်မရှင်က တင့်ကားများအပါအဝင် အင်အားအလုံးအရင်းဖြင့် စစ်ကူပို့နေ

ဓာတ်ပုံ - ပေးပို့
ပုံစာ - မြဝတီမြို့တောင်ဘက် စစ်မျက်နှာအတွက် အင်အားဖြည့်တင်းရန်လာနေသည့် စစ်ကော်မရှင် ယာဉ်တန်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ပိုင်းရှိ စစ်တပ်က လက်လွှတ်ထားရသည့် နယ်မြေများ ပြန်လည်ရရှိရေးအတွက် အင်အားဖြည့်တင်းနေပြီး တင့်ကားများအပါအဝင် အင်အားအများအပြား ပို့ဆောင်နေကြောင်း သတင်းအရင်းအမြစ်အချို့နှင့် မျက်မြင်တွေ့ရှိသူများက ပြောသည်။

အင်အားရာချီရှိသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း ကရင်တော်လှန်ရေး ပူးပေါင်းတပ်များ နယ်မြေစိုးမိုးမှု ရယူထားသည့် မင်းလက်ပံနှင့် ဖလူးကျေးရွာဘက်သို့ တကျော့ပြန် စစ်ကြောင်းထိုးလာသည့်အတွက် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း အထိနာနေသည့် စစ်ကော်မရှင်တပ်သည် ဇန်နဝါရီလ ၂၈ ရက် နံနက်ပိုင်းတွင် သထုံခရိုင်အခြေစိုက် တပ်ရင်းများမှတစ်ဆင့် စစ်ကူများ ပို့ဆောင်နေကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက MPA သို့ ပြောသည်။

“ကားကအတော်ကို များတယ်။ လမ်းဘေးမှာ ခေတ္တရပ်ထားတဲ့အချိန် သူတို့ ဒီသထုံ-ဘားအံသွားတဲ့ လမ်းပိုင်းမှာပါ။ တင့်ကားတွေရောပဲ တင်ထားတာလေ၊ ကရင်ဘက်ကို သွားတာပါ” ဟု ၎င်းက ပြောသည်။

စစ်ကော်မရှင်ယာဉ်တန်းတွင် စစ်သည်အပြည့် တင်ဆောင်ထားသည့် စစ်ကား ၃၀ စီးနှင့် တင့်ကား ၅ စီး ပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ စစ်သည်အင်အားများသည် ပြည်နယ်မြို့တော် ဘားအံလုံခြုံရေးအတွက် အပါအဝင် တိုက်ပွဲပြင်းထန်နေသည့် မြဝတီမြို့နယ်အတွင်းရှိ နယ်မြေများသို့ ပို့ဆောင်ရန် စီစဉ်ထားခြင်းဖြစ်ပြီး ယင်းမှတစ်ဆင့် ကျုံဒိုး၊ ကော့ကရိတ်လမ်းပိုင်းကနေ ပို့ဆောင်နေကြောင်း စစ်ရေးသတင်း အရင်းအမြစ်အချို့က ပြောသည်။

“အရင်ရက်ကတည်းက ပို့နေတာလည်း ရှိတယ်။ အဲဒီဘက်ကိုလေ။ အဲဒီအဖွဲ့တွေက အင်အားပြဖို့၊ ပြီးတော့ BGF/KNA ကိစ္စလည်း ရှုပ်နေတော့ အဲဒီအတွက် လုံခြုံရေးပြတာ။ ဘားအံက အဖွဲ့တွေနဲ့ ပေါင်းမယ်။ နောက်တစ်ခုက ဒီမြဝတီဘက်ကို ထိုးစစ်ဆင်ဖို့ ဝင်သွားဖို့တော့ သိထားရတယ်။ အဲဒီအင်အား အကုန်လုံးကို တစ်နေရာတည်း ပို့မှာ မဟုတ်ဘူးလို့ ကြားထားတယ်” ဟု သထုံခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ယမန်နေ့( ဇန်နဝါရီလ ၂၈ ရက်) နံနက် ၉ နာရီခွဲခန့်တွင် တိုက်ပွဲပြင်းထန်နေသည့် မင်းလက်ပံနှင့် ဖလူးလေးရွာထိပ်ရှိ ရွှေတိဂုံပုံတူ ဘုရားကုန်းနေရာတစ်ဝိုက်ကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး လေးလုံးထက်မနည်း ကြဲချခဲ့သလို ရော့ကက်ဒုံးများအပါအဝင် လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်။

ယင်းနောက် စစ်တပ်သည် မြေပြင်မှတစ်ဆင့် စစ်ကြောင်းထပ်မံ တိုးလာနေသဖြင့် နှစ်ဖက်စစ်ရေး တင်းမာနေပြီး အချို့နေရာများတွင် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း သတင်းအရင်းအမြစ်အချို့က ပြောသည်။

“ဘုရားကုန်းကို သူတို့ သိမ်းချင်နေတာလည်း ပါတယ်။ သူတို့ လေယာဉ်နဲ့ ဗုံးကြဲပြီးတာနဲ့ မြေပြင်ကနေ ချက်ချင်းတိုးဖို့ လုပ်တယ်။ တိုက်ပွဲဖြစ်တယ်။ သူတို့ ဝင်လို့မရဘူး ဖြစ်နေတယ်” ဟု မြဝတီမြို့နယ်တောင်ဘက်တွင် လှုပ်ရှားနေသည့် အမည်မဖော်လိုသော ရဲဘော်တစ်ဦးက ပြောသည်။

လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှု များပြားသည်ဟု ပြောဆိုနေကြသော်လည်း အသေးစိတ်အချက်အလက်ကို သက်ဆိုင်ရာအဖွဲ့များက သတင်းထုတ်ပြန်လိမ့်မည်ဟု ၎င်းရဲဘော်က ဆက်ပြောသည်။

စစ်တပ်က လက်လွှတ်ထားရသည့် မင်းလက်ပံဒေသအပါအဝင် မြဝတီတောင်ပိုင်းနေရာများ ပြန်လည်ရရှိရန် ပြီးခဲ့သည့်နှစ် စက်တင်ဘာလကတည်းက စစ်ကြောင်းထိုးခဲ့သည့်အတွက် ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းမှ ဒေသခံ ၅,၀၀၀ ကျော် စစ်ရှောင်နေရပြီး အကူအညီများလည်း အရေးပေါ် လိုအပ်နေသည်။