မြန်မာနိုင်ငံတွင် မကြာသေးမီက ကျင်းပခဲ့သော ရွေးကောက်ပွဲများကို အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) က အသိအမှတ်မပြုကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ယနေ့ ပြောကြားသည်။
အာဆီယံက ၂၀၂၁ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရထံမှ စစ်တပ်က အာဏာကို အတင်းအဓမ္မ လုယူခဲ့ပြီးကတည်းက စစ်ကောင်စီအစိုးရကို အသိအမှတ်ပြုရန် ငြင်းဆန်ထားသည်။
သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မြန်မာ့ရွေးကောက်ပွဲကို အာဆီယံက အသိအမှတ်မပြုသည်မှာ ဟုတ်ပါသလားဟု မေးမြန်းရာတွင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရို က “ဟုတ်ပါတယ်၊ အခုအချိန်အထိပါပဲ” ဟု ပြန်လည်ဖြေကြားခဲ့ပြီး အာဆီယံအနေဖြင့် “ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲ ၃ ပိုင်းစလုံးကို အတည်ပြုထောက်ခံထားခြင်း မရှိပါဘူး” ဟု ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ၊ စီဗူး မြို့တွင် ကျင်းပနေသည့် ယခုနှစ်အတွက် အာဆီယံ၏ ပထမဆုံးသော ဝန်ကြီးအဆင့် အစည်းအဝေးများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေချိန်တွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အစည်းအဝေးတွင် မြန်မာ့အရေးမှာ အဓိက ဆွေးနွေးရမည့် အစီအစဉ်တွင် ပါဝင်နေသည်။
စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ကြောင်း ဇန်နဝါရီ ၂၆ ရက်တွင် ကြေညာခဲ့သည်။
စစ်တပ်ကျောထောက်နောက်ခံပြု ပါတီက အနိုင်ရရှိသည်ဟု ကြေညာထားသော မြန်မာ့ရွေးကောက်ပွဲအပေါ် အာဆီယံက အသိအမှတ်မပြုခြင်းသည် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုရရှိရန် ကြိုးပမ်းနေသည့် မြန်မာစစ်အုပ်ချုပ်ရေးအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်သည်။
