ခမ်းပါတ်မြို့တွင် နေအိမ်ဖောက်ထွင်းခံရမှုနှင့် ဆိုင်ကယ်ပျောက်မှု ပိုများလာ

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပါတ်မြို့တွင် နေအိမ်ဖောက်ထွင်းခံရမှုနှင့် ဆိုင်ကယ်ပျောက်ဆုံးမှုများ ခပ်စိပ်စိပ်ဖြစ်လာကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် နှစ်ပတ်အတွင်း ခမ်းပါတ်မြို့၊ အမှတ်၂ရပ်ကွက်မှ နေအိမ်၂အိမ်ဖောက်ထွင်းခံခဲ့ရပြီး ပစ္စည်းဆုံးရှုံးမှုကိုမူ အတိ အကျမသိရှိရကြောင်း ခမ်းပါတ်အမှတ်၂ရပ်ကွက်နေ အမျိုးသားတစ်ဦးက MPAကိုပြောသည်။

” တစ်ဦးကတော့ ထားထားတဲ့ငွေသိပ်မရှိလို့ နှစ်သိန်းဝန်းကျင်ပဲပါတယ်တဲ့။ တစ်ဦးကတော့ ပိုက်ဆံရှိတယ်၊ များများပါနိုင်တယ်။ အဲ့ဒါတော့အတိအကျမသိဘူး ” ဟု ၎င်းကဆိုသည်။

ယင်းအပြင် ပြီးခဲ့သည့် တစ်ပတ်အတွင်းကလည်း ခမ်းပါတ်မြို့အမှတ်(၂)ရပ်ကွက်မှ တောင်ယာသွားသည့်အမျိုးသမီးတစ်ဦးကို မျက်နှာဖုံးစွပ်အမျိုးသားတစ်ဦးက ဓားထောက်လုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

” ဘွားတော်(အမျိုးသမီး)က ပြန်ခုခံပြီး အော်ဟစ်အကူအညီတောင်းလို့ ဘေးကလူတွေရောက်လာလို့ ဘာမှမဖြစ်တာတဲ့။ အဲ့ဒါကြောင့် အခင်းသွားတဲ့သူတွေ လက်ဝတ်လက်စားတွေ မဝတ်ရဲကြတော့ဘူး” ဟု ၎င်းက MPAသို့ပြောသည်။

ထိုသို့နေအိမ်ဖောက်ထွင်းမှု၊ လုယက်မှုများအပြင် ခမ်းပါတ်မြို့တွင် ဆိုင်ကယ်ပျောက်ဆုံးမှုများလည်းရှိနေပြီး ထိရောက်သည့် ဖမ်းဆီးအရေးယူမှုများကိုမူ လုပ်ဆောင်နိုင်ခြင်းမရှိသေးကြောင်း ခမ်းပါတ်အမှတ်(၁)ရပ်ကွက်နေ အမျိုးသားတစ်ဦးကဆိုသည်။

” ဆိုင်ကယ်ပျောက်တာတွေလည်း ခပ်စိပ်စိပ်ကြားနေရတာပဲ။ အရေးယူတာ ဖမ်းဆီးနိုင်တာတော့ မကြားရသေးဘူး။ ဒီမှာက ညမထွက်ရအမိန့်ထုတ်ထားတာလေ။ အဲ့ဒါကိုလည်း အခွင့်ကောင်းယူပြီး လုပ်ကြတာပါတယ်” ဟု ၎င်းက MPAသို့ပြောသည်။

လက်ရှိတွင် တမူးမြို့နယ်တွင် ဒေသလုံခြုံရေးလုပ်ငန်းများဆောင်ရွက်ရန်နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ဟုဆိုကာ ည(၁၀)နာရီမှ နံနက်(၄)နာအရီအထိ ညမထွက်ရအမိန့်ကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG) လက်အောက်ရှိ တမူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေး ဗဟိုအဖွဲ့မှ ဒီဇင်ဘာ၂၃ရက်နေ့က ထုတ်ပြန်ထားခြင်းဖြစ်သည်။

ထိုသို့ ခမ်းပါတ်မြို့အတွင်း နေအိမ်ဖောက်ထွင်းခံရမှု၊ လုယက်မှုနှင့် ဆိုင်ကယ်ပျောက်ဆုံးမှုများဖြစ်ပေါ်လာရခြင်းသည် စီးပွားရေးကျပ်တည်းမှုနှင့်အတူ မြို့နယ်အတွင်း မူးယစ်ဆေးဝါးပြန့်နှံ့နေမှုများကြောင့်ဖြစ်ကြောင်း ခမ်းပါတ်အမှတ်(၁)ရပ်ကွက်နေ အမျိုးသားတစ်ဦးကဆိုသည်။

” တမူးမြို့နယ်က နယ်စပ်လည်းနယ်စပ်ဆိုတော့ မူးယစ်ဆေးဝါးက အရင်ကတည်းကရှိတယ်။ အရင်ကတော့ အထိန်းအကွပ်နဲ့ဆိုတော့ သိတာသိစေ၊ မမြင်စေနဲ့ပုံစံပေါ့။ ခုကတော့ တောင်ပေါ်မှာကိုက အကြီးအကျယ်လုပ်နေတာကိုး၊ ထိန်းမရပါဘူး “ဟု ၎င်းက MPAသို့ပြောသည်။

မူးယစ်ဆေးဝါးများသည် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံအတွင်း ဝင်ရောက်သကဲ့သို့ တမူးမြို့နယ်နှင့် နယ်နမိတ်ချင်းထိစပ်နေသည့် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်နှင့် တီးတိန်မြို့နယ်များတွင်လည်း နွေဦးတော်လှန်ရေးကာလအတွင်း ဘိန်းစိုက်ခင်းများကို ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးလာကြောင်း သိရသည်။