အတုအယောင်ရွေးကောက်ပွဲနိုင်သော်လည်း မင်းအောင်လှိုင်ကို ကြောက်ရွံ့မှုကြောင့် သမ္မတလုပ်ရန် ဦးခင်ရီ မပြောရဲဖြစ်နေ

ဓာတ်ပုံ-လူမှုကွန်ရက်
စာတည်း-ကိုဆန်း

စစ်ကော်မရှင်က ပြုလုပ်ခဲ့သည့် အတုအယောင်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က အနိုင်ရရှိခဲ့သည်ဟု ဆိုသော်လည်း၊ ပါတီဥက္ကဋ္ဌ ဦးခင်ရီအနေဖြင့် သမ္မတရာထူးအတွက် ထုတ်ဖော်ပြောဆိုရန် ဝန်လေးနေခြင်းမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အာဏာစွဲလမ်းမှုနှင့် ၎င်းအပေါ် ကြောက်ရွံ့မှုများကြောင့်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ထောက်ပြသည်။

ဇန်နဝါရီလအတွင်းက ဦးခင်ရီသည် ရွေးကောက်ပွဲအောင်မြင်မှုနှင့် ပတ်သက်၍ ပြောကြားရာတွင် ဤရွေးကောက်ပွဲမှာ အနှောင့်အယှက်များကြားမှ ပြီးဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ တော်လှန်ရေးအဖွဲ့အစည်းများက လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းနှင့် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခြိမ်းခြောက်မှုများ ရှိခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ဦးခင်ရီ၏ ပြေကြားချက်အရ အပိုင်း (၁) မြို့နယ် ၁၀၂ မြို့နယ်တွင် ၁၃ မြို့နယ်၊ အပိုင်း (၂) မြို့နယ် ၁၀၀ တွင် ၁၀ မြို့နယ်နှင့် အပိုင်း (၃) ၆၁ မြို့နယ်တွင် ၁၁ မြို့နယ်တို့၌ တိုက်ခိုက်မှုဖြစ်စဉ်များ ရှိခဲ့သော်လည်း ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်ဟု ဆိုသည်။

၎င်းက အတုအယောင်ရွေးကောက်ပွဲသည် “ဓမ္မနှင့် အဓမ္မ” ပြိုင်ပွဲဖြစ်ပြီး နောက်ဆုံးတွင် ဓမ္မက အနိုင်ရရှိသွားခြင်းဖြစ်ကြောင်း၊ ပြည်သူများနှင့် နိုင်ငံတော်ပိုင်းက တာဝန်ကျေပွန်ခဲ့ကြောင်း ပြောဆိုခဲ့သော်လည်း၊ နိုင်ငံရေးသိပ္ပံလေ့လာသူများကမူ ဤသည်မှာ ပြည်သူ့ဆန္ဒအစစ်အမှန် မပါဝင်သည့် စစ်တပ်စိတ်ကြိုက် “ဟန်ပြပွဲ” သာဖြစ်သည်ဟု တုံ့ပြန်ကြသည်။

“ဦးခင်ရီက ဓမ္မအနိုင်ရတယ်လို့ ပြောနေပေမဲ့ တကယ်တမ်းတော့ ဒါဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့ လုပ်တဲ့ အတုအယောင်ပွဲပဲ။ နိုင်ပြီလို့ ကြွေးကြော်နေပေမဲ့ သမ္မတနေရာအတွက် သူကိုယ်တိုင် ဘာမှမပြောရဲတာက မင်းအောင်လှိုင်ရဲ့ အမျက်တော်ရှမှာကို ကြောက်နေလို့ပဲ” ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဝေဖန်သည်။

ဦးခင်ရီက ရွေးကောက်ပွဲကို နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့များ၊ ပြည်တွင်းပြည်ပ မီဒီယာများနှင့် သံရုံးများရှေ့တွင် အသေအချာ ဆောင်ရွက်ခဲ့သည်ဟု ဆိုသော်လည်း၊ လေ့လာသူများကမူ လာရောက်သည့်အဖွဲ့များမှာ စစ်ကော်မရှင်နှင့် နီးစပ်သည့် နိုင်ငံအချို့မှသာဖြစ်ပြီး ကမ္ဘာက အသိအမှတ်ပြုထားသည့်အဖွဲ့များ မပါဝင်ကြောင်း ထောက်ပြကြသည်။

ရွေးကောက်ပွဲကျင်းပပေးသည့် အဖွဲ့အစည်းများနှင့် ကာကွယ်ရေးတာဝန်ရှိသူများကို ဦးခင်ရီက ကျေးဇူးတင်စကား ပြောကြားခဲ့သော်လည်း၊ လက်တွေ့တွင် မဲရုံများ၌ လုံခြုံရေးအင်အား အလွန်အကျွံသုံးကာ ပြည်သူများကို ဖိအားပေး မဲထည့်ခိုင်းသည့် ဖြစ်စဉ်များ ရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ဆိုသည်။

နိုင်ငံရေးသိပ္ပံလေ့လာသူတစ်ဦးက “ကြံ့ဖွံ့ပါတီ နိုင်တယ်ဆိုတာက ကြိုတင်ရေးဆွဲထားတဲ့ ဇာတ်ညွှန်းအတိုင်းပဲ။ ဒါပေမဲ့ အခက်အခဲက အာဏာခွဲဝေမှုမှာ ရှိနေတယ်။ ဦးခင်ရီအနေနဲ့ သမ္မတလုပ်ချင်ရင်တောင် မင်းအောင်လှိုင်ကို ကျော်ပြီး ဘာမှလုပ်ရဲမှာ မဟုတ်ဘူး” ဟု သုံးသပ်သည်။

ဦးခင်ရီက ရွေးကောက်ခံကိုယ်စားလှယ်များသည် ရှေ့ခရီးတွင် နိုင်ငံတော်နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုခြင်းမှာ စစ်တပ်၏ လက်အောက်ခံအဖြစ်သာ ဆက်လက်ရပ်တည်မည့် သဘောကို ပြသနေခြင်းဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများက ရှုမြင်ကြသည်။

ပြည်သူများက ဒီမိုကရေစီပန်းတိုင်အတွက် မဲပေးခဲ့ကြသည်ဟူသော ပြောကြားချက်မှာလည်း မြေပြင်အခြေအနေနှင့် ကွဲလွဲနေပြီး၊ အမှန်တကယ်တွင် စစ်အာဏာရှင်စနစ်အောက်၌ ရွေးချယ်စရာမရှိဘဲ ခြိမ်းခြောက်မှုများကြောင့် မဲပေးခဲ့ရခြင်းသာဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။

လက်ရှိတွင် ကြံ့ဖွံ့ပါတီအတွင်း၌ သမ္မတနေရာအတွက် ဆွေးနွေးမှုများ ရှိနေနိုင်သော်လည်း စစ်ဗိုလ်ချုပ်များ၏ သဘောထားမပါဘဲ မည်သည့်ဆုံးဖြတ်ချက်မျှ မချနိုင်ခြင်းက ပါတီ၏ အားနည်းချက်ကို ဖော်ပြနေခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။

ယခုကဲ့သို့ ဦးခင်ရီ၏ အောင်ပွဲခံစကားများသည် စစ်ကော်မရှင်၏ အလိုကျ ပြောဆိုချက်များသာဖြစ်ပြီး၊ မင်းအောင်လှိုင်၏ အာဏာစွန့်လွှတ်ရန် ဆန္ဒမရှိမှုကြောင့် အနိုင်ရပါတီခေါင်းဆောင် ဦးခင်ရီပင်လျှင် ရှေ့ဆက်ရမည့် နိုင်ငံရေးအခန်းကဏ္ဍအတွက် ထိတ်လန့်တုန်လှုပ်နေရသည့် အခြေအနေဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။