မြန်မာ့ဒီမိုကရေစီရေး ဆက်လက်အကူအညီပေးရန် အမေရိကန် လွှတ်တော်နှစ်ရပ်စလုံး အတည်ပြု

ဓာတ်ပုံ-လူမှုကွန်ရက်

မြန်မာ့ဒီမိုကရေစီရေးနှင့် လူသားချင်းစာနာမှုအကူအညီမှာ ဆက်လက်ပေးအပ်သွားရန် အမေရိကန် လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုလိုက်ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စု၏ ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် မြန်မာနိုင်ငံဆိုင်ရာ အကူအညီများပါဝင်သော ဥပဒေကြမ်းကို အထက်လွှတ်တော်က ထောက်ခံမဲ ၇၁မဲ၊ ကန့်ကွက်မဲ ၂၉မဲ ဖြင့် ဇန်နဝါရီ၃၀ရက်တွင် အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

“နောက်ရက်အနည်းငယ်အတွင်း ဥပဒေစာသားအပြည့်အစုံ ထွက်ရှိလာသည့်အခါ မြန်မာနိုင်ငံဆိုင်ရာ အကူအညီများနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို ထပ်မံမျှဝေပေးသွားပါမည်”ဟု မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဦးဂျိမ်းရွှေက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

ယခုနှစ်တွင် အမေရိကန်၏ နိုင်ငံခြားရေးအကူအညီပေးပုံစံမှာ ပြောင်းလဲသွားပြီး ယခင်ကဲ့သို့ သီးခြားခေါင်းစဉ်များအစား National Security Investment Programs (အမျိုးသားလုံခြုံရေး ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များ) ဟူသော ခေါင်းစဉ်သစ်အောက်၌ စုပေါင်းထည့်သွင်းထားကာအဆိုပါ အစီအစဉ်သစ်အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၆ဒဿမ၇၇) ဘီလီယံ ခွင့်ပြုထားသည်။

ယင်းစုပေါင်းရန်ပုံငွေထဲမှ မြန်မာနိုင်ငံအတွက် လိုအပ်သော အကူအညီများကို သုံးစွဲခွင့်ရှိကြောင်း may be made available ဥပဒေတွင် ပြဋ္ဌာန်းထားပြီး BURMA Act of 2022 ပါ လုပ်ပိုင်ခွင့်များ အတိုင်း ဒီမိုကရေစီရေးနှင့် လူသားချင်းစာနာမှု အကူအညီများကို ဆက်လက်ပေးအပ်သွားနိုင်မည် ဖြစ်ကြောင်း ဦးဂျိမ်းရွှေက ဆိုသည်။

“ထရမ့်အစိုးရရဲ့ မြန်မာ့အရေးပေါ်လစီက မငြိမ်တာတော့ သေချာတယ်။ဒါပေမဲ့၊လွှတ်တော်၂ရပ်စလုံး က အတည်ပြုလိုက်ပြီဆိုတော့ သမ္မတကလည်း လက်မှတ်ထိုးမယ်လို့ပဲ နားလည်ရတယ်”ဟု ရန်ကုန် အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက ဆိုသည်။

အဆိုပါ ရန်ပုံငွေထဲမှာ အမေရိကန်ဒေါ်လာ ၁၂၁ သန်းကို လက်ရှိ နယ်စပ်တစ်လျှောက်တွင် ဒုက္ခရောက်နေသည့် ပြည်သူများအတွက် ထိုင်းနှင့် အိန္ဒိယနယ်စပ်များမှတစ်ဆင့် နယ်စပ်ဖြတ်ကျော် အကူအညီများ ပေးအပ်ရန် အဓိက ရည်ရွယ်ထားခြင်းဖြစ်သည်။

ထို့ပြင် လူသေစေနိုင်သော လက်နက်မဟုတ်သည့် အကူအညီများနှင့် သင်တန်းများ (Non-lethal aid) ကို ထောက်ပံ့မည့် အချက်ပင်ဖြစ်ကာ၊ ယင်းတွင် ဆက်သွယ်ရေးကိရိယာများ၊ နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့များနှင့် စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းများ ပါဝင်သည်။

ယင်းအပြင် အတည်ပြုခဲ့သည့် ဥပဒေ၌ မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများကို ကူညီရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများအတွက် ရန်ပုံငွေ ခွဲဝေထားခြင်းများလည်း ပါဝင်ကြောင်း သိရသည်။

ယင်းဥပဒေကို အောက်လွှတ်တော်ကလည်း ဇန်နဝါရီ၂၂ရက်ကတည်းက အတည်ပြုပြီးဖြစ်သဖြင့် ယခုအခါ သမ္မတ ထရမ့် လက်မှတ်ရေးထိုးရန်သာ ကျန်တော့သည်။

အဆိုပါ ဒေါ်လာ ၁၂၁ သန်းသည် မြန်မာ့ဒီမိုကရေစီ ခရီးလမ်းအတွက် အရေးပါသော ငွေကြေးနှင့် နည်းပညာ ကျောထောက်နောက်ခံ ဖြစ်လာမည်ဖြစ်ပြီး၊ အကယ်၍သာ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့လျှင် မြန်မာ့နွေဦးတော်လှန်ရေးအတွက် အရှိန်အဟုန်ကောင်းတစ်ခု ဖြစ်လာမည်ဟု နိုင်ငံရေးလေ့လာသူများနှင့် ပြည်သူများက သုံးသပ်သည်။